နေပြည်တော် ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တိုးတက် သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှု များကြောင့် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများအား သတ်မှတ် ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေထိကွင်းဆင်းပြီး ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးအတွက် ဖြေလျှော့မှုဖြစ်စေရန် ပြည်သူလူထုသို့ (၁၅၀)ယူနစ် အခမဲ့သုံးစွဲခွင့် ပြုခဲ့သည့်အတွက် တစ်လလျှင် (၃၅)ဘီလီယံခန့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်သုံးစွဲ မှုများကိုကာမိစေရန် ပျောက်ဆုံး ယူနစ်များကျဆင်းသွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဝန်ဆောင်မှု ပေးသွားရန်နှင့် နည်းလမ်းမျိုးစုံ ဖြင့်စဉ်းစား၍ စီမံဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြရာ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင် နီယာက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန် အတွင်းရှိ ပုဂ္ဂလိကပိုင်ဒေသန္တရရေနံချက်စက်ရုံအတွင်းကြည့်ရှုစစ်ဆေးပြီး မိမိတို့ဝန်ကြီးဌာနမှလည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)