နေပြည်တော်၊ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအား ဇွန် ၁၅ ရက်တွင် လက်နက်ကိုင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာရှိ အိမ်ခြေ ၂၂၅ လုံး အနက်မှ အိမ်ခြေ ၁၀၀ လုံးခန့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ် အတွင်း နယ်မြေ လှည့်ကင်းဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ကင်းမကျေးရွာ ဆိုင်းဘုတ်အနီးအရောက် လက်နက်ကိုင်အကြမ်း ဖက်သူတစ်စုက တောင်ကုန်းပေါ်မှနေ၍ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများဖြင့် အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ တောင်ကုန်းပေါ်သို့ အသေးစိတ ပိတ်ဆို့ ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် တောင်ကုန်းအလယ်သို့ ရောက်ရှိစဉ် အကြမ်း ဖက်သူများက ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိစဉ် ကင်းမကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ရှိရသဖြင့် ထပ်မံရောက်ရှိလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရွာအတွင်းသို့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက်၍ ကူညီငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။မီးလောင်မှုအား အသေးစိတ်စစ်ဆေးမှုအရ အကြမ်းဖက်သူ ၄၀ ဦးခန့်က ကင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ PDF အဖွဲ့အား ထောက်ခံခြင်း မရှိသော ဦးကျော်ဌေး ၏ နေအိမ်အား မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းနေအိမ်မှတစ်ဆင့် အခြား နေအိမ်များသို့ လေတိုက်ခတ်ရာမှ မီးကူးစက်ခဲ့ပြီး ကျေးရွာရှိ ဇရပ် ၂ ဆောင်၊ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းဆောင် ၂ ဆောင်၊ အိမ်ခြေ ၂၀ ခန့်မှအပ ကျန်လူနေအိမ် ခြေများ အားလုံးမီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရ သည်။
မီးလောင်ပြင်အတွင်းရှိ မီးလောင်ကျွမ်းဆဲ နေအိမ် ၂ လုံးအတွင်းမှ အသက် ၈၃ နှစ်အရွယ်ရှိ အဖွားဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်အရွယ်ရှိ အဖွားဒေါ်ထွားစိန်တို့ နှစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ မီးဘေးကင်းလွတ်သည့် ကျေးရွာဘုန်းကြီးကျောင်းသို့ ထမ်းပိုးပို့ဆောင်ပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီခွဲအချိန်တွင် ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် အကြမ်းဖက် သမားများသည် နံနက် ၁၁ နာရီ ၁၀ မိနစ်မှ မွန်းတည့် ၁၂ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက်သမားများက ဆုတ်ခွာထွက်ပြေးကာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့် တွင် ကျေးရွာအား မီးရှို့ခဲ့ပြီး ၎င်းဖြစ်စဉ်များစတင် ဖြစ်ပွားသည်နှင့် Ko Naing Facebook Account မှ ပေါက်မြို့နယ်(တောင်ပိုင်း)၊ ကင်းမရွာ၊ ကင်းချောင်းအရှေ့ဘက် ပစ်ခတ်နေဟု ခေါင်းစဉ်ဖြင့် Live စတင် လွှင့်တင်ခဲ့ကြောင်း တွေ့ရှိရပြီး ၎င်း Account မှပင် နေအိမ်များ မီးရှို့ခံရမှု ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ခဲ့ ကြောင်း တွေ့ရှိရသည်။
သတင်းမီဒီယာများအနက် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းခံထားရသည့် ခေတ်သစ်မီဒီယာမှ ၎င်းဖြစ်စဉ် ကို ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ် အချိန်၌ မီးလောင်မှုသတင်းကို Facebook Account လူမှုကွန်ယက်တွင် “ပေါက်မြို့နယ်၊ ကင်းမရွာ တစ်ရွာလုံးကို အကြမ်းဖက်စစ်ကောင်စီမှ မီးတင်ရှို့ ဖျက်ဆီး” ဟု ခေါင်းစဉ်ဖြင့် စတင်ရေးသားခဲ့ပြီး ၎င်းသတင်း၌ ညနေ ၄ နာရီခွဲခန့်ထိ ရွာ၏သုံးပုံတစ်ပုံ မီးလောင်နေဆဲဖြစ်ပြီး မီးဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပွားနေသည့် နေအိမ်များအား ဝိုင်းဝန်း ငြှိမ်းသတ်နေဆဲတွင် ၎င်း မီဒီယာအနေဖြင့် တစ်ရွာလုံး မီးကူးစက်လောင်ကျွမ်းမည်ကို ကြိုတင်သိရှိခဲ့ခြင်း၊ ၎င်းအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေသော် လည်း ပါရှိလာသည့် လူအင်အားနှင့် လုံခြုံရေး အခြေအနေအရ အကန့်အသတ်ဖြင့်သာ မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိခြင်းမရှိသေးသည့် ရွာအတွင်းရှိ နေအိမ်များကို PDF အကြမ်းဖက် အဖွဲ့များက မီးရှို့ဖျက်ဆီးရန်နှင့် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင် ကျွမ်းမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှုအဖြစ် ကြိုတင်ရေးသားထားနိုင်ခြင်းကို ကြည့်ရှုခြင်းဖြင့် ၎င်းမီဒီယာနှင့် PDF အဖွဲ့များ အချိန်အခါကိုက် ဆောင်ရွက်ထားသည်ကို ပေါ်လွင်လျက်ရှိသည်။
အလားတူ ပြည်ပမီဒီယာများဖြစ်သော CNN နှင့် Reuters ကဲ့သို့သော သတင်း ဌာနကြီးများနှင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းခံထားရသည့် တရားမဝင် ပြည်တွင်း မီဒီယာအချို့သည်လည်း ဖြစ်စဉ်မှန်ကန်မှုအပေါ် စိစစ်ခြင်းမပြုဘဲ တစ်ဖက်သတ် သတင်းမှားများ ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရသည်။
ထိုကဲ့သို့ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းခံထားရသည့် သတင်းမီဒီယာများ၊ လူပုဂ္ဂိုလ်အချို့တို့၏ တိကျရေရာမှုမရှိသော သတင်းမှားများအပေါ် အခြေခံ၍ အမေရိကန်သံရုံးမှ ကြေညာချက် တစ်စောင်အား ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၃၇ မိနစ်အချိန်တွင်လည်းကောင်း၊ ဗြိတိသျှ သံရုံးမှ ကြေညာချက်တစ်စောင်အား ဇွန်လ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် လည်းကောင်း အသီးသီး ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားချိန်နှင့် လူမှုကွန်ယက်နှင့် မီဒီယာများတွင် ပျံ့နှံ့သည့်အချိန် ပြည်ပသံရုံးအချို့မှ ကြေညာချက် ထုတ်ပြန်ချိန်များကို ကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် ခံရမှုဖြစ်စဉ်နှင့် ကျေးရွာ မီးရှို့မှုဖြစ်စဉ်များသည် မရှေးမနှောင်း ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အနေအထားအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ချဉ်းကပ်လာသည်ကို ကြိုတင်သိရှိထားပြီး ကျေးရွာအတွင်း ဝင်ရောက်စေရန် မြူဆွယ်ကျုံးသွင်းခြင်း၊ ကျေးရွာအတွင်း ရွာသူ/ရွာသားများအား ကြိုတင်မောင်းထုတ်ဖယ်ရှားထားခြင်းတို့ ဆောင်ရွက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျေးရွာသို့ ဝင်ရောက်သည်နှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မထောက်ခံသူတစ်ဦး၏ နေအိမ်ကို စတင်မီးရှို့ခြင်းများ ပြုလုပ်၍ ရည်ရွယ်ချက်ရှိသော ကြိုတင်ကြံစည်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
၎င်းအပြင် Ko Naing Facebook Account အပါအဝင် အခြား လူမှုကွန်ယက်တွင် လူသိများ ထင်ရှားသော Account အချို့မှ မီးလောင်မှု ဖြစ်စဉ်အပြီး၌ ကင်းမကျေးရွာအတွက်ဟု ခေါင်းစဉ်တပ်၍ အလှူငွေများ ကောက်ခံခြင်းကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည့်အတွက် မီးလောင်မှုဖြစ်စဉ်အား ကြိုတင်ကြံစည်၍ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ပြီး ကျေးရွာမီးလောင်မှုကို အသုံးချ၍ ၎င်းတို့ အကြမ်းဖက်အဖွဲ့ အလှူငွေရရှိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်၍ NLD အမာခံများပါဝင်သည့် အကြမ်းဖက် PDF အဖွဲ့အနေဖြင့် အကြမ်းဖက် NUG ၏ ကြိုးကိုင်မှုဖြင့် ကမ္ဘာကုလသမဂ္ဂတွင် ဇွန် ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေး ကျင်းပချိန်တို့နှင့် အချိန်ကိုက်၍ နိုင်ငံတော်အစိုးရပုံရိပ်ကို ထိခိုက်ရန်နှင့် နိုင်ငံတကာ၏ ဖိအားပေးမှု ဖြစ်ပေါ်စေရန် အကြံဖြင့် အပြစ်မဲ့ကျေးရွာများအား မီးရှို့အကြမ်းဖက်နေသကဲ့သို့ ထင်မြင်လာ စေရန် ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် NUG နှင့် ဆက်စပ်အဖွဲ့အစည်းများအား နောက်ကွယ်မှ နည်းမျိုးစုံဖြင့် ထောက်ခံအားပေး လျက်ရှိသော ပြည်တွင်း/ပြည်ပ မီဒီယာများနှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ