နေပြည်တော် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်၌ အဋ္ဌမအကြိမ် မန္တလေး တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ (ဒသမ) စုံညီအစည်းအဝေးကို ယမန်နေ့က အဆိုပါ ကျောင်းတိုက်ရှိ သာသနနယူပဒေသကျောင်း (အလယ်တိုက်ကြီး)၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်ကျောင်းတိုက်၊ ပါဠိ-နယူပဒေသကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဓန္တ ဝိစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော် များ ကြွရောက် တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ချမ်းအေးသာစံမြို့နယ် မိုးကောင်းတိုက် ရတနာသိဒိုက်ဦး ကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇောတိကာ ဘိဝံသက အစည်းအဝေးသို့ တက်ရောက်လာကြသော ဆရာတော်ကြီးများ၏ ဘွဲ့ အမည်များကို ဖတ်ကြားကာ သံဃာတော်များနှင့် တက်ရောက်လာကြသူများက သာသနဿစ လောကဿ နှစ်ဂါထာကို မြွက်ကြားကာ အစည်းအဝေးကို ဖွင့်လှစ်သည်။
ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးက အဖွင့်သာရဏီယဩဝါဒ ကထာမြွက်ကြားကာ ဆရာတော်တစ်ပါးက အဋ္ဌမအကြိမ် တိုင်းဒေသကြီး သံဃနာယက အဖွဲ့(သတ္တမ)စုံညီ အစည်းအဝေး ဆုံးဖြတ်ချက် နှစ်ရပ်၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြလျှောက်ထားခြင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာရေး ဆိုင်ရာများကို လျှောက်ထားခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပေးပို့သည့် ညွှန်ကြားစာများနှင့် အဋ္ဌမအကြိမ် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဧကာဒသမ) စုံညီ အစည်းအဝေးကျင်းပမည့် ရက်သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီး များအား သင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြောင်း သိရသည်။
သတင်းစဉ်