Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ၊ ဓာတ်ခွဲခန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၉

နိုင်ငံသားများအနေဖြင့် ဘ၀တိုးတက်ရေးအတွက် ရောင့်ရဲတင်းတိမ်မနေကြဘဲ မိမိတို့ ကျင်လည်နေရသည့် အခြေအနေ တွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက်ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ပါက လူမှုဘဝများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝန်းကျင်ရှိ သင်တန်းကျောင်းများ၊ ဓာတ်တ်ခွဲခန်းများအား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရွှေမြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဇီဝလုံခြုံမှု အဆင့်-၂ ခွာနာလျှာနာရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်း၊ အမျိုးအစားခွဲခြားပေးခြင်းနှင့် အတည်ပြုပေးခြင်း၊ ပဋိပစ္စည်း တိုင်းတာခြင်း၊ ဓာတ်ခွဲခန်း ရလဒ်များထုတ်ပြန်ခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပျားမွေးမြူရေးဌာနများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းရှိ စက်မှုလယ်ယာ သင်တန်းကျောင်းတွင် စာတွေ့လက်တွေ့ သင်တန်းခန်းမများ၊ သင်တန်းသား နားနေဆောင်များ၊ စားရိပ်သာများကို ကြည့်ရှု စစ်ဆေးသည်။  

အလားတူ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ၏ ကျေးရွာသစ် ခေါင်းဆောင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တည်ဆောက်လျက်ရှိသည့် Steel Structure ဂိုဒေါင်တည်ဆောက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာဖွံ့ဖြိုးရေး အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း လုပ်ငန်းများအပြင် ကျေးလက်နေ ပြည်သူများအတွက် စိတ်ဓာတ်ခွန်အားနှင့် အတွေးအမြင်များ ဖွံ့ဖြိုးရေးအတွက် အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်