လူ့ဘောင်လောကရှိ အသိုက်အဝန်းများသည် အဆက်မပြတ် လည်ပတ်နေသည်။ လည်ပတ်နေရာ၌ ဘဏ္ဍာငွေကြေးသည် မဖြစ်မနေ ပါဝင်လည်ပတ်ရသည့် အရေးပါသော ကဏ္ဍဖြစ်သည်။ ထိုဘဏ္ဍာငွေကြေးအပေါ် မူတည်၍ ဘဏ္ဍာနှစ်ဟူ၍ ဖြစ်ပေါ်လာသည်။ ဘဏ္ဍာနှစ်ဟူသည်မှာ ငွေကြေးဆိုင်ရာကို အကြောင်းပြု၍ လုပ်ငန်းကိစ္စအဝဝတို့ ဆောင်ရွက်နိုင်ရန် အတွက် နှစ်တစ်နှစ်၏အစရက်မှ အဆုံး ရက်ကာလကို ဆိုလိုသည်။
ထိုဘဏ္ဍာနှစ်ကို ရှေးအကြီးအကဲခေါင်းဆောင်များက လုပ်ငန်းကိစ္စအဝဝ လုပ်ကိုင်ရာ၌ အဆင်ပြေစေရန် ရေရှည်ကို မြော်တွေး၍ ဘဏ္ဍာနှစ်တစ်နှစ်ကို နှစ်စဉ် ဧပြီလ ၁ ရက်နေ့မှ နောက်နှစ် မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့သည်။ ထိုဘဏ္ဍာရေးနှစ်ကို သတ်မှတ်ဆောင်ရွက်လာခဲ့သည်မှာ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်တာတို့ကို ချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်ခဲ့ သည်။ သို့သော် ပြီးခဲ့သည့် အစိုးရဟောင်း သက်တမ်းကာလအတွင်း အစဉ်အလာမပျက် ဆောင်ရွက်လာသော ဘဏ္ဍာနှစ် ကို အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက် နေ့အထိ ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ အစိုးရများသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် “ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်ပေးကြ ရသည်။ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြရသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ သူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရသည်။ နိုင်ငံ၏လူမှုစီးပွား မြင့်မားတိုးတက်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ် တွင် နိုင်ငံကိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ငွေလုံးငွေရင်း အသုံးစရိတ်များတွင် ပုဂ္ဂလိက အခန်းကဏ္ဍများ ပါဝင်ပြီး နိုင်ငံတော်အစိုးရ၏ကဏ္ဍသည် အထိုက် အလျောက် ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ဇွန်လ ၁၈ ရက်နေ့က ပြောကြားချက်များကို အရေးပါသောအချက် များအဖြစ် မှတ်သားရသည်။ ပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ကာလကတည်းက နွေရာသီ ကျောင်းပိတ်ရက်၊ အဖြေလွှာစစ်ဆေးချိန်၊ ဆရာ ဆရာမများ အနားယူချိန်ကို တွက်ချက်၍ ပညာသင်နှစ်ကို နှစ်စဉ် ဇွန်လ ၁ ရက်နေ့တွင် စတင်ပြီး မတ်လအကုန်တွင် အပြီးသတ် ဆောင်ရွက်ကြသည်။ အာဏာပိုင်ကဏ္ဍတွင် လွှတ်တော်များကျင်းပရာ၌ မတ်လဆန်းတွင် အစိုးရဖွဲ့စည်းခြင်းကို ဆောင်ရွက်ကြရသည်။
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးအပေါ်တွင် အခြေခံပြီး အဓိက သီးနှံဖြစ်သည့် စပါးမှာ မိုးရာသီအကုန်တွင် အများဆုံးထွက်ရှိသည်။ ပွင့်လင်းရာသီ ရောက်သောအခါ စိုက်ပျိုးရေး ထွက်ကုန်များကို ရောင်းချနိုင်သဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်များကို မှန်ကန်စွာ တွက်ချက်နိုင်သည်။ အစိုးရရုံးပိတ်ရက်များနှင့် ပတ်သက်၍ ပြည်သူများ၏ ခံစားခွင့်အနားယူမှုကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ယခင်က အစိုးရ ရုံးပိတ်ရက်များမှာ များပြားလွန်းသဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ထိခိုက်မှု ရှိခဲ့သည်။ ထို့ကြောင့် အစိုးရရုံးပိတ်ရက်များ ပြန်လည်ပြင်ဆင်သတ်မှတ်ရာ၌ အစားထိုးရုံးပိတ်ရက်များအား လျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့သည်။ နှစ်သစ်ကူး သင်္ကြန်ကာလ အများပြည်သူ အနားယူနိုင်ရေး ထည့်သွင်း သတ်မှတ်ပေးထားသည်။
ယခင်အစိုးရဟောင်း လက်ထက်က အစဉ်အလာမပျက် လည်ပတ်နေသော ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသတ်မှတ်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများတွင် အခက် အခဲများစွာ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်ကို ရှေးအစဉ် အလာမပျက်အတိုင်း ဧပြီလ ၁ ရက် နေ့မှစတင်၍ နောက်တစ်နှစ် မတ်လ ၃၁ ရက်နေ့အထိ ပြန်လည်သတ်မှတ်ခဲ့ခြင်းမှာ လျော်ကန်သင့်မြတ်ကောင်းမွန်သည် ဖြစ်၍ ကြိုဆိုရမည်ဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွင် သာမက အဓိကကျပြီး အရေးပါသည့် ပုဂ္ဂလိကကဏ္ဍများ အတွက်ပါ များစွာအထောက်အပံ့ဖြစ်စေမည်။ ။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံအတွက် ဘဏ္ဍာရေးနှစ်ဟူသည် နိုင်ငံတော်၏ကဏ္ဍ ပေါင်းစုံအတွက် အရေးပါသောသတ်မှတ်ချက်ဖြစ်သည်။ ယင်းကို အစစအရာရာ ချင့်ချိန်တွက်ချက်၍ အတည်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။ ကောင်းမွန်ပြီးသား အချက်ကို အလွယ်တကူ ပြင်ဆင်သတ်မှတ်လိုက်ပါက နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာတတ်သည်။ ယခုအခါ အစဉ်အလာမပျက် ကောင်းမွန်သောအချက်ကို ပြန်လည်အတည်ပြုနိုင်သဖြင့် အများပြည်သူ အကျိုးစီးပွားကို ရှေးရှုသည့် ဆောင်ရွက်ချက်ဟု ရှုမြင်ပါကြောင်း။ ။