နေပြည်တော်၊ ဇွန် ၁၆
နည်းပညာရပ်ဆိုင်ရာ သုတေသနများနှင့် လယ်ယာစီးပွားအထောက်အကူပြု အသုံးချ သုတေသနများကို စီမံချက် များရေးဆွဲ၍ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည် အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်မြန်မာပြည် (ရန်ကုန်) ရှိ ဓာတ်ခွဲခန်းလုပ်ငန်းများ ကိုလည်းကောင်း၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ် ရေးဌာနခွဲရှိ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ် ရေးဌာနစုနှင့် ရောဂါပျံ့နှံ့မှုနှင့် ရောဂါထိန်းချုပ်ရေး ဌာနစုများကိုလည်းကောင်း၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး သုတေသန ဌာနစိတ်၏ ပို့ကုန်သွင်းကုန်နှင့် ပြည်တွင်းအသုံးပြုမည့် တိရစ္ဆာန်အစာများ၏ အဟာရ တန်ဖိုးနှင့် အဆိပ်အတောက်ပါ၀င်မှု စစ်ဆေးပေးခြင်း၊ ကုသဆေးဝါးများ၊ ဆေးဝါး ကုန်ကြမ်းများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များအရည်အသွေးစစ်ဆေးခြင်း ဓာတ်ခွဲစစ်ဆေး ခြင်းလုပ်ငန်းများ၊ ဦးစီးဌာနမှ ထုတ်လုပ်သော တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်း စစ်ဆေးခြင်းနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း ကိုလည်းကောင်း၊ အသား ၊နို့၊ ဥများတွင် ဓာတ်ကြွင်းများ ပါဝင်မှုစစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများကို အမျိုးသားအဆင့် မွေးမြူရေးဆိုင်ရာ မူဝါဒ၊ အမျိုးသားအဆင့်အသားကဏ္ဍမူဝါဒဆိုင်ရာ မဏ္ဍိုင်များနှင့်အညီ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဓါတ်ခွဲခန်းများ၌ သုတေသနပညာရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က လက်ရှိဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ပေးရန်နှင့် အဆင့်မြင့် ဓါတ်ခွဲခန်းများ တိုးချဲ့ တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆောက် အအုံများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများမှာ ငွေကြေးကျခံ၍ အသုံးပြုနိုင်သော်လည်း ကျွမ်းကျင် ပညာရှင်များ ရရှိရန် အချိန်များစွာ ရယူသုံးစွဲရမည်ဖြစ်သည့်အတွက် သုတေသနပညာရှင်အနေဖြင့် တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်ဝရေး၊ ပညာရှင်မျိုးဆက်တိုးပွားရေး၊ အတွေ့အကြုံမျှဝေ ပေးရေးနှင့် အရင်း အမြစ်ပြုန်းတီးမှု မရှိစေရေးကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)