ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုခုမြန်မာနိုင်ငံအတွင်း ဝင်ရောက် နေပြီလားဟု မသိနိုင်သေးသော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပို၍မြင့်မားလာနေသည်ကို တွေ့မြင်နေရသည်။ မိမိတို့နိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင်မူ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုတို့က စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေ သည်။ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပိုမိုမြန်ဆန် မြင့်မားလာသည့်အခါနိုင်ငံအနေဖြင့် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန်ထမ်းလာရပြီး ဆေးဝါးပြတ်လပ်မှု၊ ဆေးရုံခုတင်မလုံလောက်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှု၊ ဆရာဝန် နှင့်သူနာပြုများ မလုံလောက်မှုတို့နှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်တော့သည့် ဖြစ်စဉ်များကို ကိုဗစ်- ၁၉ ကပ်ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်းကာလများအတွင်း ကမ္ဘာ့နိုင်ငံအချို့ ရင်ဆိုင်ခဲ့ကြရသည်။
၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့သည့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားမှုနှင့်အတူ ဗိုင်းရပ်စ်မျိုးဗီဇကွဲများလည်း ပေါ်ပေါက်လာသည်။ မျိုးဗီဇသစ်များ ထပ်မံပေါင်းစပ်မှုဖြင့် နောက်ထပ်မျိုးဗီဇများလည်း ထပ်မံထွက်ပေါ် လာသည်။ ယင်းအနက်မှ အချို့မှာ လျင်လျင်မြန်မြန် ပျောက်ကွယ် သွားသော်လည်း အချို့မှာ ပိုမိုပြင်းထန် ပိုမိုကူးစက်မြန်သည့် မျိုးဗီဇသစ်များအဖြစ်နှင့် ကပ်ရောဂါကို ပို၍အရှိန်မြင့်မားစေသည် ကိုလည်း တွေ့ရသည်။ သို့ဖြင့် အစောပိုင်းတွင် အခြေအနေကောင်းမွန် လာခြင်းကြောင့် ဖြေ လျှော့ပေးခဲ့သည့် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီး ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြန်လည် တင်းကျပ် ရခြင်း၊ အသွားအလာများ ပြန်လည်ကန့်သတ်တားမြစ်ရခြင်းတို့ကို ပြုလုပ်နေကြရကြောင်း နိုင်ငံတကာ သတင်းများတွင် တွေ့ရသည်။
ကူးစက်မှုနှုန်း မြင့်မားလာသည့် ကပ်ရောဂါကိုထိန်းချုပ်နိုင်ရန်မှာ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တင်ရန်နှင့် ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေး ကန့်သတ်တားဆီးမှုများကို လိုအပ်သည့် ဒေသများတွင် မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံမှုမှာ အစိုးရကသာလျှင် ဆောင်ရွက်နိုင် မည်ဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုဖြစ်သည့် ရောဂါမကူးစက် အောင် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ နေထိုင်ရန်မှာမူ ပြည်သူ တစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှသည် ကျောင်းများ၊ ရုံးများ၊ စက်ရုံ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၊ လူများစုဖွဲ့ ဆုံတွေ့နိုင်သည့် နေရာများ အားလုံးမှာ အလွယ်တကူကျင့် သုံးနေထိုင်ကျရန်၊ အချင်းချင်း သတိ ပေးရန်တို့ကို ဆောင်ရွက်နိုင်ကြသည်။
ကိုရိုနာဗိုင်းရပ်စ်သည် လေထုထဲမှလည်းကောင်း၊ ကိုင်တွယ် ထိတွေ့ရသည့် အရာဝတ္ထုများမှလည်းကောင်း ကူးစက်နိုင် သည်ကို မိမိတို့ သိရှိကြပြီးဖြစ်သည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရသော်လည်း မည်သည့်လက္ခဏာမျှမပြဘဲ မိမိကိုယ်ကိုလည်း ကူးစက်ခံထားရမှန်းမသိသူ အများအပြားမှာ ကျန်းမာသူ ပကတိ အနေအ ထားဖြင့် လူများအကြား ပုံမှန်သွားလာနေကြသည်ကိုလည်း မိမိတို့သိရှိထားကြပြီးဖြစ်သည်။ သို့ရာတွင် မိမိတို့ အများစုမှာ မေ့လျော့ထားခဲ့ကြသည်။ ပေါ့လျော့စွာလည်း နေခဲ့ကြသည်။ အပြင်ထွက်လျှင် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာမကြာဆေးခြင်း၊ လူစုလူဝေးကို ရှောင်ရှားခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေခြင်းဟူသော လွန်စွာ ရိုးရှင်းလွယ်ကူသည့် အလေ့အကျင့်ကလေး များကို စွဲမြဲစွာ ကျင့်သုံး ကြခြင်းဖြင့် မိမိနှင့်ကကွ အခြားသူများကိုပါ ကိုဗစ်- ၁၉ ကပ်ရောဂါမှ ကာကွယ်နိုင်ကြပါစေကြောင်း။ ။