နေပြည်တော်၊ ဇွန် ၁၄
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံ ဆိုင်ရာရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay Listopadov ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၀)ရှိ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေး အတွက် စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ စီမံကိန်းလုပ်ငန်းများ အတွက် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် ရုရှားနိုင်ငံမှ နည်းပညာကျွမ်းကျင် ပညာရှင်အဖွဲ့များ ခေါ်ယူနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံရှိ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးဆိုင်ရာကိစ္စ၊ မြန်မာ့စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာဘာနှင့် အထည်အလိပ် ထုတ်လုပ်မှုကဏ္ဍများတွင် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)