Skip to main content

မြောက်နဝင်းရေလှောင်တမံ ဆည်ရေသောက်စနစ်မှ မိုးစပါး ဧက ၅၀၀၀၀ ခန့် နှင့် နွေစပါး ဧက ၁၀၀၀၀ ကျော် အပါအဝင် ဧက ၉၀၀၀၀ ကျော် အကျိုးပြုလျက်ရှိ

 

နေပြည်တော်၊ ဇွန် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများနှင့်တွေ့ဆုံဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မြောက်နဝင်းရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထိန်းသိမ်းထားရှိမှုနှင့် တမံကြံ့ခိုင်မှုများကို လည်းကောင်း၊ ရေသောက်စနစ်နှင့် အကျိုးပြု ဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ကွင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေစီမံခန့်ခွဲမှုဆိုင်ရာ ခေတ်မီ နည်းပညာများ အသုံးပြုဆောင်ရွက်ရေး၊ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် အသိပညာပေးဆွေးနွေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ ဆည်၏ သိုလှောင်ရေ လက်ကျန်နှင့် သီးနှံအမျိုးအစားအလိုက် ရေပေးဝေမှုစနစ် ရေးဆွဲဆောင်ရွက်ရန်နှင့် ဆည်ရေသောက်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေများအကျိုးရှိစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

မြောက်နဝင်းရေလှောင်တမံ ဆည်ရေသောက်ဒေသအတွက်း၌ မိုးစပါး ဧက ငါးသောင်းခန့်နှင့် နွေစပါး ဧက တစ်သောင်းကျော် အပါအဝင် နှစ်စဉ် စိုက်ပျိုးမြေဧက ကိုးသောင်းကျော်ကို အကျိုးပြုလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ် နွေစပါး၊ မိုးစပါးစုစုပေါင်း နှစ်ဆယ့်ကိုး သိန်းကျော်၊ ပဲမျိုးစုံစိုက်ဧက သိန်းနှစ်ဆယ်ကျော်၊ ဆီထွက်သီးနှံ သုံးသိန်းခွဲခန့်နှင့် စက်မှု ကုန်ကြမ်းသီးနှံများ ဟင်းဟင်းရွက်သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး လယ်ယာကုန်ထုတ် သမဝါယမအသင်း သုံးထောင်ကျော် အပါအဝင်တောင်သူလယ်သမား အသင်းအဖွဲ့ သုံးထောင်ငါးရာကျော်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)