Skip to main content

(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး အကြိုပြင်ဆင်မှု လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းပေး

ရန်ကုန် ဇွန် ၁၄ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၇ နာရီခွဲက ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံး ရှင်းလင်း ဆောင်၌ ကျင်းပသည်။ အစည်းအဝေးသို့ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) နှင့်ကော်မတီဝင်များ၊ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ အသီးသီးတွင် ပါဝင်သည့် ဌာနမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားပြင်ဆင်ရေးနှင့်စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး ဦးတင်မောင်ကြည်က အာဇာနည်ဗိမာန် အတွင်း၊ အပြင် လှပတင့်တယ်အောင်ပြင်ဆင်မွမ်းမံနေမှု၊ အာဇာနည်ကြီးများ၏ ပန်းတင်ခုံများပြင်ဆင်မွမ်းမံနေမှု ၊ ပန်းခွေချထားရာတွင် လိုက်ပါမည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပြင်ဆင် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး အခမ်းအနားပြင်ဆင်ရေးတွင် ပါဝင်သည့် ဌာန အသီးသီးက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် အတွင်းဝန်ရုံးတို့တွင်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရေး၊ လုံခြုံရေးသတိရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရေး၊ အာဇာနည် ကုန်းဝန်းကျင် ခြုံနွယ်များရှင်းလင်းပြီး လှပတင့်တယ် အောင် ဆောင်ရွက်ထားရှိရေးနှင့် ဆပ်ကော်မတီအသီးသီးမှ ဆောင်ရွက်ရမည့် အကြိုပြင်ဆင်မှုလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် အရေးကြီးပုဂ္ဂိုလ်များ နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ ထားရှိမည့်နေရာများတွင် ပြင်ဆင်ထားမှုများ၊ အာဇာနည်ဗိမာန်အတွင်း မြေယာရှုခင်းများ ပြင်ဆင်နေမှု၊ လွမ်းသူ့ ပန်းခွေချ အလေးပြုအခမ်းအနားအတွက် နေရာယူရမည့် နေရာများ ပြင်ဆင်ဆောင်ရွက် ထားမှု၊ ပြည်သူများ ဝင်ရောက်မည့်လမ်းကြောင်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)