Skip to main content

အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် နေ့ဆွမ်းဆက်ကပ်

နေပြည်တော် ဇွန် ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့ မင်္ဂလာအနောက် ကျောင်းတိုက်၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင် သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်း စူဠဘွဲ့နှင်း သဘင်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ရာ လွိုင်လင်မြို့ သာသနာ ဝိပုလ ဓာတ်တော်စာသင်တိုက် ပဓာနနာယက ရှမ်းပြည်နယ် လုံးဆိုင်ရာ သံဃအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒနှင့် လွိုင်လင်မြို့ ရတနာ စည်စာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒတို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက် ရောက်လာကြသူများကလွိုင်လင်မြို့ သာသနာဝိပုလ ဓာတ်တော် စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် လွိုင်လင်မြို့ ရတနာစည်စာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး အစိုးရပါဠိ ပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင် သံဃာတော် ၂၅ ပါးကို တိုင်းမှူးနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရခိုင်ပြည်နယ် အမ်းမြို့ ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက်၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခင်း စူဠဘွဲ့နှင်းသဘင်ကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့ ဓမ္မရက္ခိတကုန်း မြတ်စွယ်တော်ဓမ္မရုံ၌ ပြုလုပ်ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုဝဏ္ဏအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူ များက မြို့နယ်သံဃနာယက ဒုတိယဥက္ကဋ္ဌ ဂယ်လောင်း ဆရာ တော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ထို့နောက် တာဝန်ရှိသူများက မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေး အဖွဲ့ဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်ကိုးပါးနှင့် လူပုဂ္ဂိုလ် လေးဦးကို စာအောင်ဆုနှင့် အလှူ ငွေများလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်