Skip to main content

အမှားကိုမြင် အမှန်ပြင်၍ လမ်းမှန်ပေါ်သို့ လျှောက်လှမ်း

လူသည် ပုထုဇဉ်သတ္တဝါဖြစ်၍ မည်သူမျှ အမှားမကင်းချေ။ အမှားကို မသိနားမလည် ၍လည်းကောင်း၊ စည်းရုံးဆွဲဆောင်ခံရ၍လည်းကောင်း၊ တမင်တကာ အမှားလမ်း ကို လျှောက်ခဲ့မိ၍လည်းကောင်း၊ နဂိုကတည်းက အမှားကို ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့မိ၍လည်းကောင်း တစ်နည်းနည်းဖြင့် အမှားဖြစ်ခဲ့ကြသည်။ မည်သို့ပင် အမှား ဖြစ်ခဲ့သည်ဖြစ်စေ သိသိချည်းနှင့် ဇွတ်တိုးသည်မှလွဲ၍ အမှားကို အမှားမြင်၍ လမ်းမှန်ပေါ်သို့ ပြန်လည်လျှောက်လှမ်းမည်ဆိုပါလျှင် မိမိတို့ဘဝများလည်း ဖြောင့်တန်းမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ လမ်းမှားပေါ်သို့ ရောက်ရှိသွားကြသူများ အမြောက်အမြားရှိသည်။ ထိုသို့ လမ်းမှားပေါ်သို့ ရောက်သွားသူများသည် အထက်ဖော်ပြပါနည်းလမ်းအတိုင်း တစ်နည်းမဟုတ် တစ်နည်း ရောက်သွားကြသူများဖြစ်သည်။ ထိုသူများတွင် NLD ပါတီဝင်များ၊ ၎င်း ပါတီကိုထောက်ခံသူအစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG၊ PDFနှင့် CDM တို့၏လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားအချို့သည် နယ်စပ်ဒေသရှိ EAO နေရာများနှင့် ပြည်ပနိုင်ငံအချို့သို့ ဖော်ပြပါအကြောင်းခံ အမျိုးမျိုးဖြင့် ရောက်ရှိ နေကြသည်။

၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG၊ PDF ၎င်းတို့နှင့် ဆက်စပ်သူများ၏ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များ၊ ပြောကြားချက်များအပေါ်တွင် တွေဝေလျက် ရှိပြီး ရောက်ရာနေရာများ၌ လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုဘဝအခြေအနေ အဆင်မပြေမှု၊ အခက်အခဲဖြစ်မှုများကိုသဖြင့် နေရင်းအရပ်ဒေသ၊ မိခင်အရိပ်အာဝါသအောက်သို့ပြန်လာလိုသူများ ရှိနေသည်ဟု ကြားသိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မိဘသဖွယ် သဘောထားကာ မိမိနိုင်ငံ၊ မိမိအရပ်ဒေသ၊ မိဘရင်ခွင်ဆီသို့ ပြန်လာလိုကြသူများအား ပြန်လည်ဖိတ်ခေါ်ရန်လည်း အသင့်ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁ရက်နေ့မှစတင်၍ ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်း များနှင့် အပြစ်မဲ့ပြည်သူအချို့အား ကိုယ်ထိ လက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အအုံများ၊ အများပြည်သူပိုင်၊ ပုဂ္ဂလိက ပိုင်အဆောက်အအုံများအား ဖျက်ဆီးမှု CDM လှုပ်ရှားမှုများတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကိုယ်ထိလက်ရောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသူ နိုင်ငံသားများ အမြောက်အမြားရှိသည်။

၎င်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးသက်သာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဟု အသိပေးအကြောင်းကြားထားသည်။ အရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေကြသူများသည် မိမိတို့၏ နိုင်ငံသားများ ဖြစ်သောကြောင့် ၎င်းတို့တိမ်းရှောင်နေသော နေရာများမှ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ပြီးခဲ့သည့် ဖြစ်စဉ်ကာလအတွင်း ပြစ်မှုတစ်မျိုးမျိုး ကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေသူများ၊ မည်သည့်ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ရေလိုက်မှားသူများ သည်မိမိတို့ကိုယ်ပိုင်စိတ်ဆန္ဒအရပြန်လာလိုပါက ဥပဒေအရ ဖြေလျှော့ပေးမှုများနှင့် အညီ နီးစပ်ရာရပ်ရွာ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြီးခဲ့သည့် နိုင်ငံရေးဖြစ်စဉ်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် နေရပ်ဒေသများမှ စွန့်ခွာသွားကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ အနေဖြင့် ပြစ်မှုတစ်ခုခု ကျူးလွန်ထားခြင်း မရှိပါက စိတ်အေးချမ်းသာစွာ နေထိုင်နိုင်သော မိမိတို့ဒေသ၊ မိမိတို့မိဘရင်ခွင်သို့ ပြန်လည်ခိုလှုံနိုင်သည့် အခွင့်အရေးရရှိ ပြီဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့် အမှောင်လမ်းသို့ လျှောက်ခဲ့ကြသူများအနေဖြင့် မိမိတို့ မှားယွင်းခဲ့သည်များကို ပြန်လည်ဆင်ခြင်ကာ အေးချမ်းသော အလင်းရောင်အောက်လမ်းမှန် ပေါ်သို့ ပြန်လည်ခိုဝင်နိုင်ပြီ ဖြစ်ပါကြောင်း။ ။