အကြမ်းဖက်မှုကျူးလွန်သူများ၊ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက် ခဲ့ကြသူများပါဝင်သည့် လူ၊ လက်နက်၊ ကိရိယာများ ဖော်ထုတ်ဖမ်းဆီး ရမိမှုများနှင့်အတူ တရားဥပဒေစိုးမိုးမှု ပိုမိုရရှိလာသည်။ သို့ရာတွင် နောက်ကွယ်မှ အဆင့်ဆင့် ကြိုးကိုင်စေခိုင်းခဲ့ကြသူများ၊ ငွေကြေး၊ လက်နက်ထောက်ပံ့ ပေးခဲ့ကြသူများမှာ ဘေးကင်းရာနေရာတို့တွင် ပုန်းအောင်းနေကြရင်း မြို့ပေါ်အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ် နေစေရန် ဖန်တီးနေကြဆဲဖြစ်သည်။
ယင်းသို့ဖန်တီးရာတွင် အကြမ်းဖက်အဖွဲ့အစည်းများက အွန်လိုင်း မှတစ်ဆင့် ကြေညာချက်များ ထုတ်နေသည်ကိုလည်းကောင်း၊ အစွန်းရောက် ပါတီဝင်များနှင့် ထောက်ခံသူများက အကြမ်းဖက် လုပ်ရပ်များအပေါ် မျက်စိစုံမှိတ် မြှောက်ပင့်ထောက်ခံနေကြသည်ကို လည်းကောင်း တွေ့မြင်ကြရပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးလိုလားသူ များက ဆန့်ကျင်ရှုတ်ချနေကြသည်ကိုလည်း တွေ့မြင်ကြရသည်။ ကစ်ချိန်က အကိုက်အခံဖြစ်ခဲ့သည့် ပါတီဝင်များ၊ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ လ၀က ရုံးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးရုံးများကို မီးရှို့ခြင်း၊ လက်လုပ်မိုင်းထောင်ခြင်း စသည်တို့ကို လက်မရွံ့စတမ်း အကြမ်းဖက်ခဲ့ကြရာတွင် ငွေကြေးဖြင့် စေခိုင်းခဲ့ကြသည်များလည်း ပါဝင်ကြောင်း ဖမ်းဆီးမိသူ အချို့၏ ထွက်ဆိုချက်များတွင် ပါဝင်နေသည်ကိုလည်း တွေ့မြင် ကြားသိကြရသည်။
အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ နှုတ်မှ စေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ သက်သေ အထောက်အထား အခိုင်အမာဖြင့် ဘူးပေါ်သလို ပေါ်လာသည့်အခါတွင် ဖုံးကွယ်ခြင်း၊ ဖာထေးခြင်း၊ သတင်းများကို လိုရင်လိုသလို၊ မလိုလျှင် မလိုသလို ရေးသားကာ ပြည်သူကို သတင်းအမှားများပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း မသိမသာတစ်မျိုး၊ သိသိသာသာ တစ်မျိုး ဖြင့် သွေးထိုးပေးခြင်း၊ တပ်မတော်ကို နည်းအမျိုးမျိုးဖြင့် သိက္ခာချခြင်းတို့ကို ပြည်ပလက်ဝေခံ၊ ဩဇာခံမီဒီယာအချို့က ပြုလုပ်လျက် ရှိကြသည်။ သတင်းအချက်အလက်အမှားများ၊ လှုံ့ဆော်မှုများ၊ မျှော်လင့်ချက် အမှားပေးမှုများက ယုံလွယ်သူ၊ မစူးစမ်း မဆင်ခြင် သူများကို ဆုံးဖြတ်ချက်အမှားများ၊ ၎င်းမှတစ်ဆင့် လုပ်မှားကိုင်မှား များဖြစ်စေတတ်သည်။ လက်တစ်ဝါးသာသာ ဖုန်းမျက်နှာပြင်ကလေး တစ်ခုကိုသာ ကြည့်နေရုံဖြင့် မလုံလောက်ဘဲ၊ အနီးပတ်ဝန်းကျင်၊ ပိုမို၍ ကျယ်ပြန့်သော ဒေသတစ်ခွင်၊ ထိုထက်ပို၍ အလှမ်းကျယ်သော အဝေးဒေသများအထိ အစွဲကင်းကင်းဖြင့် လေ့လာစေ့ငုနိုင်သည်နှင့်အမျှ တကယ့်အခြေအနေအမှန်ကို သုံးသပ်ဆင်ခြင်မိလာနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်ပလက်ဝေခံ၊ ဩဇာခံ မီဒီယာများနှင့် မြန်မာနိုင်ငံသားတို့ အသုံးများသည့် လူမှုကွန်ရက် တို့ပေါ်တွင် တပ်မတော်ဆန့်ကျင်ရေး၊ တပ်မတော်သိက္ခာချရေး၊ တပ်မတော်ပြိုကွဲရေး၊ ထိပ်ပိုင်းခေါင်းဆောင်များအပေါ် အထင်အမြင် လွဲမှားရေး၊ ကပ်နှင့်ပြည်သူများ အကြား သပ်လျှိုရေး။ မြန်မာလူမျိုး အများစု ယုံကြည်ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာနှင့် ဆရာတော် သံဃာတော်များ၊ သံဃာ့အဖွဲ့အစည်းများနှင့် အမျိုးဘာသာသာသနာ တို့အပေါ်တွင်လည်း အစွန်းရောက်များအဖြစ် ထင်မြင်ယူဆလာကြစေရန်၊ ယုံကြည်မှုနှင့် သဒ္ဓါတရားပျက်ပြားလာစေရန်၊ ဘာသာဖျက်သည့်လုပ်ငန်းများတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အခိုင်အမာ အင်စတီကျူးရှင်းကြီး နှစ်ခုကို တူးဖြိုးခြင်းဖြစ်ပြီး နိုင်ငံနှင့် လူမျိုးကိုရော ဘာသာတရားနှင့် ယဉ်ကျေးမှုကိုပါ ဖျက်ဆီးခြင်းဖြစ်ရာ ၎င်းအကျိုးဆက်များကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ပြည့်ခဲ့ပြီဖြစ်သည်။ လက်ရှိ အခြေအနေသည် အရေးပေါ်ကာလတစ်ရပ်ကို ဖြတ်သန်းနေချိန် ဖြစ်ပြီး အောင်မြင်ပြီးမြောက်ချိန်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာပေဦးမည်။ ဒီမိုကရေစီနိုင်ငံသားများအနေဖြင့် ပညာပြည့်၀နှလုံးလှကြရန်၊ စည်းမျဉ်းစည်းကမ်းဥပဒေတို့ကို လေးစားကြရန် လိုအပ်သလို ဝေဖန်ပိုင်းခြား ဆင်ခြင်တုံတရားလည်း မြင့်မားကြရပါမည်ဖြစ်ကြောင်း။ ။