လူတို့၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသည့် အရာများတွင် အရက်သည်လည်း ထိပ်ဆုံး၌ပါဝင်သည်။ အရက်သောက်သုံးမှု ပမာဏနည်းခြင်း၊ များခြင်းဆိုသည်ထက် အရက်ကို စ၍ သောက်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်တွင် ထိခိုက်မှုစတင်ဖြစ်ပေါ် သည်ဟုလည်း ဆိုကြသည်။ အရက်က လူတို့၏ ကျန်းမာရေးကို မည်သို့ထိခိုက်စေသည်ဖြစ်စေ၊ ဘာသာတရား တို့အရလည်း မည်သို့တားမြစ်ထားသည်ဖြစ်စေ အရက်သောက်သူပမာဏမှာ နှစ်စဉ် တိုး၍ တိုး၍ လာနေသည်ဟုလည်း သိရသည်။
အရက်သောက်သူဦးရေ တိုးပွားလာသည်နှင့်အမျှ အရက်ကြောင့် သေဆုံးရသူ အရေအတွက်မှာ လည်း လွန်ခဲ့သည့် နှစ် ၂၀ ကျော်ခန့်မှ စတင်ကာ နှစ်ဆမြင့်တက်လာခဲ့ရာ သေဆုံးသူများတွင် ဆယ်ကျော်သက်များ၊ အသက် ၂၀ ကျော် ၃၅ နှစ်အောက် လူငယ်များ အများအပြား ပါဝင် နေသည်ဟုလည်းဆိုသည်။ ထို့အပြင် လွန်ခဲ့သည့် သုံးလေးနှစ်ကာလအတွင်း အရက် အလွန်အကျွံ သောက်သုံးသူ အမျိုးသမီးဦးရေသည်လည်း သိသိသာသာ မြင့်တက်လာသည်ဟု သိရသည်။ ရိုးရာဓလေ့အရ ခေါင်ရည်သောက်သုံးခဲ့ကြသည့် ပြည်နယ် အချို့တွင်လည်း အရက်စွဲလမ်းမှုပြဿနာကို အာရုံစိုက်သင့်ကြောင်း ကျန်းမာရေးသုတေသီတို့က ထောက်ပြ ထားကြသည်။
မြို့ပြဒေသများတွင် KTV၊ နိုက်ကလပ်များ၊ စားသောက်ဆိုင်များ အများအပြား ဖွင့်လှစ်လျက် ရှိကြရာ အရက်သောက်ခြင်းကို လူနေမှု ဘဝပုံစံတစ်ခုအဖြစ် လူငယ်အမျိုးသား အမျိုးသမီးများ အကြား ပိုမိုကျင့်သုံးလာနေကြခြင်းကလည်း အရက်စွဲပြဿနာနှင့် အရက်နှင့် ဆက်နွယ်သည့် ကျန်းမာရေးပြဿနာများကို ပိုမိုမြင့်တက်စေလျက် ရှိသည်ဟုယူဆမိသည်။ ယင်းသို့သော နေရာများတွင် အရက်သေစာသောက်စားကြရာတွင် ဆေးလိပ်၊ အီး-စီးကရက် (vape) ၊ ရှိရှား၊ ရေပြောင်း၊ စိတ်ကြွဆေးနှင့် အခြားမူးယစ်ဆေးဝါးတို့ကိုပါ တစ်ဆက်ကည်း သုံးစွဲလေ့ရှိကြခြင်း ကြောင့်လည်း ကျန်းမာရေးကိုပို၍ ထိခိုက်စေသည်။
မြန်မာနိုင်ငံတွင် အရက်သောက်သူအများစုမှာ အခြေခံလူတန်း စားများဖြစ်ကြပြီး အရေအတွက် အများဆုံးဖြစ်သည်။ ၎င်းတို့၏ ဂင်ငွေအခြေအနေအရ ဈေးပေါပြီး ဘေးထွက်ဆိုးကျိုးများသည့် အရက်ဖြူကို အများစုက သောက်သုံးနေကြသည်ဟု ဆိုသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် ပူးပေါင်းပြုလုပ်သည့် သုတေသနတစ်ရပ်တွင် အသက် ၁၅ နှစ်အထက် အရက်သောက်သူ လူ ၅၀၀၀ ခန့်ကို စစ်တမ်းထုတ်ခဲ့ရာ အရက်ဖြူသောက်သူက ၄၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းကြား၊ ဝီစကီသောက်သူက ၁ဝ ရာခိုင်နှုန်းအောက်၊ ဘီယာ သောက်သူ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းနှင့် ရိုးရာခေါင်ရည် သောက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသည်ဟူသော ရလဒ် ထွက်ပေါ်လာသည်။
အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများတွင် အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းတွင် အနာဖြစ်ခြင်းမှသည် အသည်းကင်ဆာ အထိ ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်၏ အစာခြေစနစ်၊ အာရုံကြောစနစ်၊ မျိုးပွားစနစ် တို့ကို ထိခိုက်စေနိုင်သလို နှလုံး၊ အရိုးတို့၏ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။ အရက်နှင့် ဆက်နွှယ်သည့် ရောဂါအမျိုးပေါင်း ၆၀ ကျော်ရှိပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အရက်သောက်ခြင်းကြောင့် နှစ်စဉ်လူဦးရေ ၃ ဒသမ ၃ သန်းကျော် သေဆုံးနေသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
အရက်ကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ လူမှုရေးနှင့် စီးပွားရေး တို့ကိုလည်း ထိခိုက်စေသည်။ အရက်သည် လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးကိုသာ အများစု ဖြစ်ပေါ်စေခြင်းကြောင့် ဘာသာတရားများက ရှောင်ကြဉ်ရန် တားမြစ်ထားခဲ့ခြင်းဖြစ်ရာ ဆယ်ကျော်သက်ဘဝတွင် အရက်ကို စမ်းသပ်သောက်သုံးသူများနှင့် နှစ်ရှည်လများ အရက်စွဲ နေသူများအပါအဝင် အမျိုးကောင်းသားသမီး လူငယ်လူရွယ် လူကြီးတို့အားလုံး ကျန်းမာရေး ဖျက်၊ စီးပွားပျက်သည့် သေအရက်ကို တစ်စက်ကယ်မျှ မသောက်ရအောင် ရှောင်ကြဉ်နိုင်ကြ ပါစေကြောင်း။ ။