Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

နေပြည်တော် ဇွန် ၁၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံရွာသူရွာသားများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို လိုအပ်သည်များ မှာကြားပြီး  ရွာသူရွာသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့၊ တော်ဝင်နန်းခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း (၁၉၄၆)စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၇၀၀) တို့ကို ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရယူကြပြီး ဒေသခံပြည်သူတစ်ဦးက ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို တော်ဝင်နန်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အချက်အလက်များကို  ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်းခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဝန်ထမ်းများနှင့် မိတ္ထီလာခရိုင်အတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများအား တော်ဝင်နန်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)