နေပြည်တော် ဇွန် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံသား ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေးကိစ္စများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် ကိစ္စများကို လည်းကောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုံရွာစက်မှုဇုံအတွင်းရှိ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသော NCY International Co.,Ltd ၏ဆန်နှင့် သီးနှံကြိတ်ခွဲ ရေးသုံး စက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့သည်။
မုံရွာမြို့တွင်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို သီးခြားစီတွေ့ဆုံ၍ လုပ်ငန်းရှင်များက တင်ပြသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)