Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ရှိ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝါကြိတ် စက်ရုံများ လည်ပတ်ရန်အတွက် ဝါကြိတ်စက်များကိုလည်း ပြန်လည်စစ်ဆေးပြုပြင်ထားရမည် ဖြစ်ကြောင်း၊ စက်ရုံများ၏ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေး ထားဆောင်ရွက်ရန် မှာကြားပြီး ဝါကြိတ်စက်များ ပြုပြင်နေမှုများကို လှည့်လည်စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည် စက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက စက်ရုံရှိ ဝန်ထမ်းများကိုလည်း အရည်အသွေးမြင့် ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ် နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးရန်၊ ပြည်တွင်းရှိစက်ရုံများ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ရပ်နားထားသော စက်ရုံများ ပြန်လည်လည်ပတ် နိုင်ရေးအတွက် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင် ရွက်ကြရန် မှာကြားပြီး ချည်ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ဝါကြိတ်စက်ရုံ တို့ကိုလှည့်လည် ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအမြန်ဆုံးလည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကုန်ချောများ အရည်အသွေး ကောင်းမွန်စေရေးအတွက် စက်ပစ္စည်းများကိုလည်း သေချာစွာ စစ်ဆေးပြုပြင်ရန် မှာကြားပြီး ဝါကြိတ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)