Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို  စတင်ထူထောင်ခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်း (၃၀) ခန့်က  မိမိတို့နိုင်ငံ၌  နိုင်ငံတော်၏ မျှော်မှန်းပန်းတိုင်နှင့် အုပ်ချုပ်သည့်အစိုးရတို့မှာ လုံးဝ အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း၊  တစ်ချိန်တည်းမှာ ဒီဂျစ်တယ် နည်းပညာ အရှိန် အဟုန်ဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့မှုသည် ပြည်သူများ၏ ဘဝနေထိုင်မှုပုံစံကို များစွာ ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့ကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် ပြောင်းလဲလာခဲ့သည့် အခြေအနေ နှင့် ညီညွတ်အောင် ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်လာပါကြောင်း။

ယခုအခါ မိမိတို့ပြည်သူများအကြား မိုဘိုင်းတယ်လီဖုန်း ဖြန့်ကျက်မှုမှာ ၁ဝဝ ရာခိုင်နှုန်း ကျော်သွားပြီဖြစ်ပြီး  စမတ်ဖုန်း သုံးစွဲမှုမှာ ၈ဝ ရာခိုင်နှုန်းရှိသဖြင့် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံး ဖြစ်သည်ဟု သိရပါကြောင်း၊  ပြည်သူအများမှာ သတင်းအချက်အလက် သိရှိရေး နှင့် ဖျော်ဖြေရေး တို့ အတွက် ဒီဂျစ်တယ် နည်းပညာအခြေခံသည့် အွန်လိုင်းမီဒီယာများကို အဓိက အားထားပြုလာ နေကြကြောင်း၊   အခြားတစ်ဖက်တွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖက်ဒရယ် အသွင်ကူးပြောင်းရေး ကာလတွင် ကြီးမားသည့် စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်နေရကြောင်း၊  ပြည်သူများအဓိက အသုံးပြု နေကြသည့် အွန်လိုင်းမီဒီယာပေါ်တွင် ကောလာဟလများ၊ သတင်းမှားများ၊ မရိုးသားသည့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လုပ်ကြံထုတ်လွှင့်ထားသည့်သတင်းအတုများ စသည်တို့ဖြင့် ပြည့်နှက် နေသဖြင့် မျှတပြီး တိကျမှန်ကန်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီထုတ်လွှင့်နိုင်ရန် မိမိတို့ ကြိုးစားကြရ မည်ဖြစ်ပါကြောင်း။

ယခုဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်းတွင်  သတင်းရေးသားနည်း(News Writing)၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media & Information Literacy)၊ မီဒီယာဆိုင်ရာဥပဒေများ၊ စာကြည့်တိုက်ပညာ၊ ပြတိုက်ပညာ၊ ပြည်သူ့ ဆက်ဆံရေးပညာ( Public Relations) နှင့် လူထုဟောပြောနည်း (Public Speaking)တို့အပြင် ရုံးစာရေးသားနည်း၊ ဘဏ္ဍာရေး စည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်းစသည့် လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက် သည်များကိုလည်း စနစ်တကျပို့ချသွားရန် စီစဉ်ထားရှိပါကြောင်း။ စိတ်ပါဝင်စွားစွာဖြင့် လေ့လာ သင်ယူကြပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အသုံးပြုကာ သင်တန်းတက်ရောက်ခွင့် မရရှိ သေးသည့် လုပ်ဖော်ကိုင်ဖက်များ ကို မျှဝေပေးစေလိုပါကြောင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်း သား၊ သင်တန်းသူ  ၃၅  ဦး တက်ရောက်ကြ ပြီး သင်တန်းကာလမှာ ယနေ့မှ မတ်လ(၆)ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် စွမ်းရည်မြှင့်သင်တန်းတွင် “သတင်းရေး သားထုတ်ပြန်ခြင်း” ဘာသာရပ်ကို ဆွေးနွေးပို့ချခဲ့သည်။

 (သတင်းစဉ်)