Skip to main content

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၂/၂၀၂၁) ကျင်းပ

နေပြည်တော် ဇွန် ၉ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး ၂/၂၀၂၁ ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ရခိုင်ပြည် နယ်အတွင်း IDP စခန်းများ ပိတ်သိမ်းနိုင်ရေး၊ ပြောင်းရွှေ့နေရာချထားရေးအတွက် အမျိုးသား အဆင့်ကော်မတီအနေဖြင့် မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်များ၌ ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ နေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီတို့က ပူးပေါင်းစီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်း ရွှေ့ပြောင်းရေးနှင့် စပ်လျဉ်း၍ နေအိမ်၊ ရေ/မီးသွယ်တန်းခြင်း၊ ကျောက်ချောလမ်း၊ မြေလမ်းတာဘောင် အဆင့်မြှင့်တင်ခြင်း၊ မြေယာလျော်ကြေးပေးခြင်း စသည့်လုပ်ငန်းများအား အဆင့်လိုက် စီမံဆောင်ရွက်သွားရမည့်အခြေအနေ၊ ယာယီခိုလှုံ ရာစခန်းများမှ နေရပ်ပြန်သူများအတွက် လတ်တလော လိုအပ်ချက်များအား အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ကူညီပေးရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်လာနိုင်မည့် လုပ်ငန်းစဉ်များကို ကြိုတင်မှန်းဆ၍ ဘဏ္ဍာငွေများ ကြိုတင်လျာထားဆောင်ရွက်ရေး၊ နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်းအလှူရှင်များမှ လှူဒါန်းမှုများအား စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသူများနှင့် ပြန်လည်နေရာချထားသည့် ဒေသများတွင် နေထိုင် သူများအတွက် လူမှုပဋိပက္ခများ လျော့နည်းပပျောက်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာစေရေး၊ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာဖြင့် မှီခိုမှုကင်းသည့် လူနေမှုပတ်ဝန်းကျင် ပြန်လည် တည်ဆောက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီ အသီးသီးက ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်သက်ခိုင် က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ ရပ်ရွာအခြေပြုနှင့် သင်တန်းကျောင်းအခြေပြု အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေမှု၊ လူမှုသဟ ဇာတ (SOCIAL HARMONY)၊ လူမှုရေးပေါင်းစည်းမှု (SOCIAL COHESION) ဆိုင်ရာကိစ္စရပ်များ၊ IDP Camp များတွင် အချက်အလက်ကောက်ယူခြင်း၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေများ၊ IDP စခန်းများတွင် နေထိုင်စဉ်ကာလများ၌ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုဆိုင်ရာ ကိစ္စရပ်များ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် လတ်တလော ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများ၊ နေရပ်စွန့်ခွာသူများနှင့် ဒေသတွင်း ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလော လိုအပ်သည်များ ထောက်ပံ့ကူညီပေးမှုအခြေအနေများကို ဆွေးနွေးသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီ ဝင်များ၊ ပြည်နယ်အဆင့် ကော်မတီများမှ တာဝန်ရှိသူတို့က ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)