Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းပြင်ဦးလွင်ခရိုင်အတွင်း ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် အပန်းဖြေဥယျာဉ်များကြည့်ရှု

နေပြည်တော် ဇွန် ၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကိုနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲရွာရေအား လျှပ်စစ်စက်ရုံ သွားရာလမ်း (၁၃)မိုင်ရှိ ဒုဌဝတီမြစ်ကမ်းဘေးတွင် ခရီးသွားဧည့်သည်များ လာရောက် အပန်းဖြေလည်ပတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် Valley View Point စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။ ယင်းစီမံကိန်းသည်ဒေသအတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ဖော်ဆောင်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုဌဝတီမြစ်ကြောင်းတစ်လျှောက် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် (၁၃) မိုင်မှ (၃)မိုင်အတွင်းရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာများကိုလည်းကောင်း၊ သစ္စာစိန်စီအပန်းဖြေဥယျာဉ် ကိုလည်းကောင်း ကြည့်ရှုသည်။ အဆိုပါ အပန်းဖြေဥယျာဉ်သည် အေးမြကြည်လင်သည့် ရေကူးကန်၊ ပေ(၃၀) မြင့် ရေလွှာလျှောစင်၊ မြူးကြွသည့် သံစဉ်များနှင့် ကခုန်နိုင်ရန် ဆောင်ရွက်ထားရှိသည့် ရေပန်းများအား တစ်စုတစ်စည်းတည်း တည်ဆောက်ထားသဖြင့် လာရောက်အပန်းဖြေသူ များနှင့် စည်ကားလျက် ရှိသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲရွာရေအားလျှပ်စစ်သွားရာလမ်း (၅) မိုင်ရှိ ပြည်သူ့နန်းတော် အပန်းဖြေဥယျာဉ်ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရဲရွာရေအား လျှပ်စစ်သွားရာလမ်း (၆) မိုင်ရှိ ဖလန်းဖလန်း Water Land ကိုလည်းကောင်း သွားရောက် ကြည့်ရှုသည်။ ထိုမှတစ်ဆင့် ရဲရွာရေအားလျှပ်စစ်သွားရာလမ်းတွင် တည်ရှိသည့် Mandalay Water Boom နှင့် ၇ မိုင် သဘာဝကမ်းခြေတို့သို့ သွားရောက်ကြည့်ရှုစစ်ဆးသည်။ အဆိုပါ Mandalay Water Boom သည် (၁၈) ဧက ကျယ်ဝန်းပြီး၊ မြန်မာ နိုင်ငံတွင် ပထမဆုံး Resort နှင့် Water Boom အား တွဲဖွင့်သည့် လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူများအား ဆူနာမီရေလှိုင်းတုနှင့် ပထမဆုံး စတင်မိတ်ဆက်ဖွင့်လှစ်ပေးခဲ့သည့် Water Boom ဖြစ်ပါသည်။ တစ်ဆက်တည်းလာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် ရေကစားသူများ အပန်းဖြေ အနားယူနိုင်ရန်အတွက် အခန်းပေါင်း (၆၀) ပါရှိသည့် Resort ကိုလည်း တည်ဆောက် ထားရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးသည် ရှေးဟောင်းအမွေအနှစ်များ ပေါကြွယ်ဝပြီး၊ ဘုရားပုထိုး စေတီများ၊ သာသနီက အဆောက်အဦများနှင့် ကမ္ဘာပေါ်တွင်အရှည်ဆုံး ကျွန်းသားတံတား ဖြစ်သည့် ဦးပိန်တံတားအပါအဝင် လည်ပတ်လေ့လာစရာ ခရီးစဉ် ဒေသများစွာရှိသည့်အပြင် ကိုဗစ်-၁၉ကာလအတွင်း မွန်းကြပ်နေသည့် ပြည်သူများ ပျော်ရွှင်မြူးထူးစွာ သွားလာ လည်ပတ်နိုင်သည့် အပန်းဖြေဥယျာဉ်များရှိခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်လျက်ရှိသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)