Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ဇွန် ၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ညနေ ၃ နာရီ၌ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြား ရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr. နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အမြင်ချင်းဖလှယ်

တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အဖွင့်အမှာစကားများ ပြောကြားပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးများက မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကိစ္စကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပူးတွဲဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr. နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ကို ယခုကဲ့သို့ အရေးကြီး သည့် အစည်းအဝေးကျင်းပပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားရင်း အာဆီယံ-တရုတ်အကြား မဟာဗျူဟာမြောက် ဆက်ဆံရေးမှာ အမှန်တကယ် လေးနက်မှုရှိကြောင်း၊ ထို့ကြောင့် အဓိပ္ပာယ်ပြည့်ဝပြီး အာဆီယံနှင့် တရုတ်နိုင်ငံအကြားရှိသည့် မိတ်ဖက် ဆက်ဆံရေးသည် အာဆီယံနှင့် တရုတ်နိုင်ငံရှိ ပြည်သူများအတွက် အနာဂတ်တွင် ဆက်လက်၍ ရှင်သန်နေမည်ကို ယုံကြည်ကြောင်း ပြောကြားသည်။

မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးအတွက် အာဆီယံ-တရုတ်မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး ပူးတွဲကြေညာချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်မှု၏ အောင်မြင်မှုများအပေါ် ဝမ်းမြောက်မိကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အသစ် (၂၀၂၁-၂၀၂၅)ကို အကောင်အထည်ဖော်ဆောင်ရာ တွင်လည်း အတိတ်က ရရှိခဲ့သည့် အောင်မြင်မှုများကို အခြေခံပြီး မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် အာဆီယံ၏အကြီးမားဆုံးသော ကုန်သွယ်ဖက် ဖြစ်လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့် အလုံးစုံပါဝင်သည့် တိုးတက်မှု ဖြစ်ပေါ်လာရေးအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံက ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှုစာချုပ်တွင် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည့်အတွက် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံသည်လည်း ဒေသတွင်းဘက်စုံပူးပေါင်း ဆောင်ရွက်မှု စာချုပ်ကို ၂၀၂၁ ခုနှစ် မေလတွင် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သည့်အတွက် အခြားနိုင်ငံများအနေဖြင့် ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ဆောလျင်စွာ အသက်ဝင်စေရေးကို ပူးတွဲမြှင့်တင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးပြန်လည်ကုစားရေးကြိုးပမ်း

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စည်းကမ်း ပြည့်ဝပြီး စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်သည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာတွင် ကြန့်ကြာမှုများ မဖြစ်စေရေးအတွက် ပြည်ထောင်စုစီးပွားရေး ပြန်လည်ကုစားရေး ကြိုးပမ်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြား

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ Five-point Consensus ကိုလည်းကောင်း၊ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး(၂) နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့၏ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော နံနက်စာအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ညစာစားပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အဆင့်မြင့်အရာရှိကြီး များသည် ညနေပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံအဖွဲ့နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့ဝင် များအတွက် တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်