Skip to main content

ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး အလေးထားဝိုင်းဝန်းဆောင်ရွက်

“မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသားဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားရမှု လျော့ပါး သက်သာစေရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပြောကြား ခဲ့သည်။

လူသားများ၏ ရှင်သန်ရပ်တည်နိုင်ရေးတွင် ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ရန် အထူးလိုအပ်သည်။ ကမ္ဘာတွင် လက်ရှိကြုံတွေ့နေရသော ဖြစ်စဉ် များကို ကြည့်မည်ဆိုပါက သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲခြင်း၊ တောရိုင်း တိရစ္ဆာန်တို့ နေထိုင်ရာဒေသများကို ကျူးကျော်ပြီး မြို့ပြနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်အသုံးပြုခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံဖမ်းဆီးခြင်း၊ တောမီးလောင်ခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု များပြားသည့် စက်မှုဖွံ့ဖြိုးရေးနှင့် ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခြင်းတို့ကြောင့် ဂေဟစနစ်သည် တစ်နေ့ထက်တစ်နေ့ ပျက်စီးနေသည့်အခြေအနေ တွေ့နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်၍ မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေ တောများ ပြန်လည်ထိန်းသိမ်းရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးဖြစ်၍ အလွန်ကျယ်ပြန့်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တစ်ခုတည်းနှင့် ဆောင်ရွက်၍ရမည်မဟုတ်ဘဲ ပြည်သူများ၊ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဘက် ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များလက်တွဲကာ ပူးပေါင်းဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ “တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏”၊ “ဥတုရာသီ၊ တောကိုမှီ၏”၊ “ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု”၊ “ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသော သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းသည့်ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တော သစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် သွားကြရမည် ဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံကိန်းတွင် ကျေးရွာထင်းစိုက်ခင်း ဧကတစ်သိန်းကျော် တည်ထောင်မည်ဖြစ်ပြီး ယနေ့အထိ ဧက နှစ်သောင်းကျော် တည်ထောင်ပြီးဖြစ်သည်။ နှစ်စဉ် တစ်ရွာလျှင် အနည်းဆုံး နှစ်ဧက စိုက်ပျိုးနိုင်ရေး အတွက် ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားရရှိရေးတွင် ကျေးရွာအားလုံးရရှိရေးအတွက် လိုအပ်နေသေးသဖြင့် ထင်း၊ မီးသွေးများကို သဘာဝတောများမှ ထုတ်ယူခြင်းထက် ကျေးရွာများအလိုက် ကိုယ်ပိုင်ထင်းစိုက် ခင်းများ ထူထောင်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေ လုံလောက်စွာရှိထားသဖြင့် သစ်တောများကို ခုတ်ထွင်ဖယ်ရှားခြင်း မပြုတော့ဘဲ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်း စဉ်လာအရ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား တောင်ပေါ်အမြဲတမ်း ကုန်းမြင့်လယ်ယာများ အဖြစ် ပြောင်းလဲအကောင် အထည်ဖော်နေသည်။ ဒီရေရောက်တောများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ပြန်လည် တည်ထောင်လျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဆောင်ရွက်လျက်ရှိရာ ၂၅ ရာခိုင်နှုန်းကျော်ကို ကာကွယ်တောများအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲလာနေမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းသည် အလွန်အရေးကြီး သဖြင့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေသည့် အဖိုးတန်သယံဇာတ အရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းလက်တွဲ ထိန်းသိမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။ ။