နေပြည်တော် ဇွန် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့်နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုသည် ၄ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး တိုးတက်ပြောင်းလဲမှုများရှိသကဲ့သို့ စိန်ခေါ်မှုအချို့လည်း ရှိနေသေးကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဖြင့် သွားလာလှုပ် ရှားနေကြသည်ကို တွေ့ရှိရကြောင်း၊ ခရီးစဉ်အတွင်း သံလွင်တံတား (ချောင်းဆုံ)အား ဒေသခံများလိုလားသည့် တံတားစတင်ဆောက်လုပ်စဉ်က အမည်အတိုင်း ပြန်လည်သတ်မှတ် ဆောင်ရွက်ပေးခဲ့ချိန်တွင် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင်ဒေသအတွင်း ဝမ်းစာဖူလုံရေးကိုသာမက သီးနှံများပိုမိုထွက်ရှိပြီး ဒေသခံတောင်သူများ ဝင်ငွေ တိုးတက်စေရန် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်များမှတာဝန်ရှိသူများက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း၊ နိုင်ငံသားများအနေဖြင့် ဘဝတိုးတက် ရေးအတွက် ရောင့်ရဲတင်းတိမ် မနေကြဘဲ မိမိတို့ကျင်လည်နေရသည့် အခြေအနေတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက်ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ပါက လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ကို ယခင်အစိုးရက အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလသတ်မှတ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သဖြင့် မိုး၊ ဆောင်း စိုက်ပျိုးသီးနှံ ထွက်ရှိမှုနှင့် ရရှိမည့်အခွန်အခများ အပေါ်မူတည်၍ ယခင်ကဘဏ္ဍာရေး နှစ်အား သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာနှစ်အား ပြောင်းလဲသတ် မှတ်ခဲ့သည့်အတွက် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ အနေဖြင့် အဆင်မပြေမှုများ များစွာဖြစ်ပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာနှစ် သတ်မှတ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သတ်မှတ်နိုင်ရေး စဉ်စားချိန်ဆ၍ ဆောင်ရွက်သွားရန်နှင့် ကောင်စီဝင်များ အနေဖြင့်လည်း ဆွေးနွေးအကြံပြုကြ စေလို ကြောင်း။
COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ယခုကာလအတွင်း ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ သည်ကို တွေ့ရှိရကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံနှင့်ထိစပ် လျက်ရှိသည့် ချင်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ထိုင်းနိုင်ငံ နှင့် ထိစပ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့အား Stay at home သတ်မှတ်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 စည်းကမ်းချက်များကို လိုက်နာ ရန်လိုအပ်ကြောင်း၊ ကျောင်းများတွင် COVID-19 ရောဂါကူးစက်မှုမရှိစေရေး COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက် ရန် အရေးကြီးကြောင်း။
ပညာရေးနှင့်ပတ်သက်၍ အချို့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ကြောင်း၊ ကျောင်းသားများ ပညာသင်ကြားရေးသည် တိုင်းပြည်နှင့် ကျောင်းသားတစ်ဦးချင်းစီ၏ အကျိုးအတွက် ရည်ရွယ်ပြီးပြန်လည်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ယခုအခါဆူပူဆန္ဒပြမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အနည်းငယ်ရှိနေသည်ကို တွေ့ရကြောင်း၊ အကြမ်းဖက်မှုများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ စာသင်ကျောင်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ရုံးအဆောက်အဦများနှင့် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရှိသူ များအား အကြမ်းဖက်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း။
ယခုအခါ မိုးရာသီသို့ရောက်ရှိလာပြီး ယခင်နှစ်များက မိုးနည်းခဲ့သည့် ဒေသများတွင် မိုးကောင်းစွာ ရွာသွန်းသဖြင့် စိုက်ပျိုးရေးတောင်သူများ အဆင်ပြေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ မိုးတွင်းကာလဖြစ်သဖြင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်း တိုက်မှုများ ကြောင့်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး အတွက် ချောင်း၊မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရေးစသည်တို့ကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတိပေးနှိုးဆော်နေရန် လိုကြောင်း၊ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကကူညီ ကယ်ဆယ်ရေးလုပ်ငန်း များအား အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ချက်ချင်း အရေးယူ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ဇွန် ၄ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မတရားအသင်း ကြေညာထားသည့် CRPH ၊ NUG တို့နှင့် ပတ်သက်သည့် အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များက မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်းများအပေါ် အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှု ရှောင်ရှားရေးနှင့်ပတ်သက်၍ အာဆီယံ နိုင်ငံများအပါအဝင် အခြားမည်သည့်နိုင်ငံကမျှ ထောက်ပြ ပြောဆိုခြင်း၊ ဟန့်တားသည့်ကြေညာချက်ထုတ်ပြန်ခြင်းများ မပြုလုပ်သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသွားချိန်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပြုလုပ်သွားမည့် အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များတွင် မိမိတို့နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် Phoenix Media နှင့်တွေ့ဆုံမေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း တို့က အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဘဲ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့သည့် အဂတိလိုက်စားမှု များကို စိစစ်ဖော် ထုတ်အရေးယူရေး၊ အကြမ်းဖက်သမားများအား ခိုအောင်းနေထိုင်ခွင့် ပေးသူများနှင့် ၎င်းတို့အား ထောက်ပံ့ကူညီနေသူများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိထိရောက် ရောက် အရေးယူရေး၊ ပြည်သူများ၏ ဘဝ လုံခြုံမှုရှိစေရန် ပြည်သူလူထု ပူးပေါင်း ပါဝင်သည့် လုံခြုံရေးစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ တိုင်းပြည်၏ စားသုံးဆီဖူ လုံမှုရှိစေရန် စီမံ ဆောင်ရွက်သွားရေး၊ ထီးခီးဒေသစက်မှုဇုန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ လူမှုကွန်ရက်များတွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရေး၊ မီဒီယာတုံ့ပြန်မှု လျင်မြန်အားကောင်းစေရန် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ အများပြည်သူ ရုံးပိတ်ရက်များနှင့် ဘဏ္ဍာရေးနှစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ၏လျှပ်စစ် ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်ပဝင်ငွေရရှိရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည့် ရပ်ဆိုင်းနေသော ရေအားလျှပ်စစ် စီမံကိန်းများ ဆက်လက်အကောင်အထည် ဖော်ရေး အတွက် ပြန်လည်သုံးသပ်ရေး၊ စာရင်းကိုင်နှင့် ရှေ့နေ ဒီပလိုမာသင်တန်းများ ပြန်လည်ဖွင့် လှစ်ရေး၊ ဒေသတွင်းလူမှုကယ်ဆယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေများ အချိန်မီ ရရှိရေး၊ အားကစားသမားများ နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရေးနှင့် နိုင်ငံ့သားကောင်း တစ်ယောက်တွင်ရှိရမည့် ကျင့်ဝတ်များရှိစေရန် လေ့ကျင့်ပျိုးထောင် ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက နှစ်အလိုက် ပြက္ခဒိန်နှစ်တွင် အများပြည်သူ ရုံးပိတ်ရက်များ သတ်မှတ်ခဲ့မှု အခြေအနေနှင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါ်အေးနုစိန်တို့က ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစား ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြု တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အများ ပြည်သူရုံးပိတ်ရက်များ နှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် မျှော်မှန်းကာ အလုပ်ရှင်၊ အလုပ်သမား၊ ဝန်ထမ်းများ ထိခိုက်နစ်နာမှုမရှိအောင် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ကြောင်း၊ ဘဏ္ဍာရေးနှစ်ကိုလည်း မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေသည့် အချိန်ကာလကိုသာ ပြောင်းလဲသတ်မှတ်သင့်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ဖြစ်သင့်သည်ကို ဝိုင်းဝန်းစဉ်းစား ဆောင်ရွက်ကြရန်ဖြစ် ကြောင်း။
အဂတိလိုက်စားမှုများနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်ကျော်လွန် ဆောင်ရွက်ခဲ့သည့် အဂတိမှုများကို ပြန်လည်စိစစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုကိစ္စများကို ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ် များချမှတ်ရန် ဆောင်ရွက်နေကြောင်း၊ ဌာနဆိုင်ရာများတွင် လက်ရှိတာဝန် ထမ်းဆောင်နေသူများအား CDM လုပ်သူများက ခြိမ်းခြောက်နှောက်ယှက်နေမှုကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ခြိမ်းခြောက်ခံရသော ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုင်ကြားကြရန်လိုကြောင်း။
စားသုံးဆီဖူလုံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ဆီကောင်းဆီသန့်များ စားသုံးနိုင်ရေး အတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုတ်တို့ကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ ကုန်ကြမ်းများ ကြိတ်ခွဲရာ တွင်လည်း အဆင့်မြင့်နည်းပညာ အသုံးပြုကြိတ်ခွဲနိုင်ရေး စီမံဆောင်ရွက် ပေးရန်လိုကြောင်း၊ စနစ်တကျ ဆီကြိတ်ထုတ်လုပ်ထားသော ပဲ၊ နှမ်း ကြိတ်ဖက်များမှ တရိစ္ဆာန်အစာ အနစ်တကျသုံးစွဲနိုင် ရန်လိုအပ်ကြောင်း။
လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် လောင်စာစနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အားမပေးလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကိုသာ အကောင်အထည်ဖော်ရန်လိုအပ်ပြီး ထိုသို့ ထုတ်ယူရာတွင် သက်ဆိုင်သည့် ပြည်နယ်များကို ရာခိုင်နှုန်းပြည့်သုံးစွဲနိုင်ရေး ဦးစားပေးစီမံပေးရန် လိုကြောင်း၊ သတင်းအချက်အလက် စီးဆင်းမှုနှင့်ပတ်သက်၍ မီဒီယာတုံ့ပြန်မှု လျင်မြန် အားကောင်းစေရန်အတွက် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
စက်မှုကုန်ကြမ်းအပင်များ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အဝတ်အထည်နှင့် လူ့အသုံး အဆောင်ပစ္စည်းများစွာ ထုတ်လုပ်နိုင်သည့် ဝါနှင့်ဝါးစိုက်ပျိုးမှုကို တိုးချဲ့ စိုက်ပျိုးပြီး တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းစက်မှု လုပ်ငန်းများကို အားပေးပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစား စက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအပါအဝင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူအားလုံးကို ဘဝအာမခံချက်ရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများ လုံခြုံရေးနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လစ်ဟင်းမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)