နေပြည်တော် ဇွန် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မေ ၂၉ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စက်မှုလယ်ယာစနစ် ကျလယ်ယာမြေဖော်ထုတ်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် နဘဲကုန်းကျေးရွာအုပ်စု ၊ ကိုရံ(တောင်) ကျေးရွာ ကွင်းအမှတ် (၁၃၈၃)တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်မှုလယ်ယာဦးစီးဌာနက စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၅၀)ဖော်ထုတ်ပေးလျက်ရှိသည်။ တောင်သူ (၈၆)ဦး ပိုင်ဆိုင်သည့် အဆိုပါ လယ်မြေများသည် ဆဒ္ဒန်ဆည် လက်တံအမှတ်(၁၂)မှ တဆင့် ဆည်ရေသောက် ပြီး ကုန်ထုတ်လမ်း ပေ(၁၆၀၀၀)၊ ကန်သင်း ပေ(၄၇၀၀၀)၊ ရေသွင်း မြောင်း(၁၆၆၈၅)ပေ၊ ရေနုတ်မြောင်း (၁၈၆၂၇)ပေ ပါဝင်သဖြင့် စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာ စီမံအသုံးပြုနိုင်ကြမည်ဖြစ်ပြီး လယ်ယာသုံး စက်ကိရိယာများ ဝင်ထွက်ခြင်းနှင့် ရိတ်သိမ်းပြီးသည့် သီးနှံများ အဆင်ပြေလွယ်ကူစွာ သယ်ယူနိုင်ကြမည် ဖြစ်သည်။
ထို့နောက် မြို့သစ်မြို့နယ် တောင်သူ ဦးမိုးသစ်၏ ယာမြေ၌ မြေအောက်ရေနှင့် ရိုးပိတ် ဆည်ရေကို နေရောင်ခြည် စွမ်းအင်ကိုအသုံးပြု၍ ရေပေးဝေသည့် ရေတင်စက်ဖြင့် စိုက်ခင်း ဖြည့်စွက်ရေပေးစနစ် စံပြစိုက်ခင်းကိုလည်းကောင်း၊ မကွေးမြို့ရှိ နို့စားနွား မွေးမြူရေး ပုဂ္ဂလိကခြံ၌ နွားစာနေပီယာမြက် စိုက်ပျိုးထားရှိမှုနှင့် နွားနို့များထုတ်လုပ် နေမှုကို လည်းကောင်း၊ ကမ်းနီလျှပ်စစ်မြစ်ရေတင် ရေသောက် မြေပဲ စိုက်ခင်းတွင် စက်မှုလယ်ယာ ဦးစီးဌာနက ကျင်းပသည့် အချိန်တိုအတွင်း ထိရောက်စွာ ပက်ဖျန်းနိုင်သော ဆေးဖျန်း စက်ဖြင့် ပိုးသတ်ဆေးများ ပက်ဖျန်းပြသမှု တောင်သူ ကွင်းသရုပ်ပြပွဲကို လည်းကောင်း ကြည့်ရှုအားပေး ပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး ၊ တစ်ပိုင်တစ်နိုင် မွေးမြူ ရေးနှင့် အသေးစား အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ သဘော ဆန္ဒညီညွတ် သူများ အချင်းချင်း စုပေါင်းဆောင်ရွက်သည့် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် သမဝါယမ အသင်းများ ဥပဒေနှင့် အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လည်းကောင်း၊ ဈေးကွက် လိုအပ်ချက်များ သိရှိနားလည်ရန် လိုအပ်ချက်များ၊ သမာရိုးကျ စိုက်ပျိုးသည့်ပုံစံမှ ဈေးကွက်ဝင်သည့် သီးနှံပုံစံဖြစ်အောင် စိုက်ပျိုးထုတ်လုပ်ရေး နှင့် GAP ကျင့်စဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)