Skip to main content

၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၁ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက်သင်ခန်းစာများ သင် ကြားပို့ချပေးလျက်ရှိသည်။ ထို့အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများသည်လည်း ကိုဗစ် - ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ပေါင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းရှိ ကြောင်း သိရှိရသည်။ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်နှင့် ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူ များအား နှာခေါင်းစည်းများနှင့် Face Shield များ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့ မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်ပေးကြသည်။ နေပြည်တော် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး က “ ဒီနေ့က ကျောင်းစတင် ဖွင့်လှစ်တဲ့နေ့ ဖြစ်တဲ့အတွက် ကျောင်းသား/ကျောင်းသူ တွေ သက်ဆိုင်ရာ အတန်းကို ဝင်ရောက်နိုင်ဖို့ ဆရာ/ ဆရာမတွေက နေရာချထားပေးပါတယ်။ ဒီနှစ်စာ သင်ကြားရေးအပိုင်း အနေနဲ့ နံနက်ပိုင်းတစ်သုတ်နဲ့ ညနေပိုင်းတစ်သုတ်ခွဲပြီး သင်ကြားပေး သွားမှာဖြစ်ပါတယ်။ စာသင်ကြား အချိန်ကိုတော့ အဓိကဘာသာရပ်တွေနဲ့ တွဲဖတ်ဘာသာရပ် တွေ အားလုံးကို သင်ကြား ပေးသွားမှာပါ။ ဆရာ/ ဆရာမတွေအနေနဲ့ သင်ကြားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ဒီနေ့အထိ ကျောင်းတက် ရာခိုင်းနှုန်း ကတော့ ၉၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေပါပြီ။ ကျောင်းစဖွင့် တဲ့နေ့ကနေ စာသင်နှစ်တစ် နှစ်လုံးကို စည်းကမ်းကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ ကလေး တွေဖြစ်အောင် မွေးထုတ်ပေးဖို့ ကျွန်တော်တို့ကျောင်းက ဆရာ/ ဆရာမတွေနဲ့ ဝန်ထမ်းတွေက ကြိုစားနေပါတယ် ” ဟု ပြောသည်။ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာယာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က မူလတန်း အဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၄)ချောင်းစီ၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂) ချောင်းစီ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများတစ်ဉီးလျှင် ပြန်လည်အသုံး ပြုနိုင်သည့် Mask (၂)ခုစီ၊ Face Shield (၁) ခုစီတို့ကို ပံ့ပိုးထောက်ပံ့ပေးကြောင်း သိရသည်။ နေပြည်တော် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် တတိယတန်း တက်ရောက်မည့် ကျောင်း သားမိခင်တစ်ဉီးက “ ကျောင်းတွေဖွင့်ဖို့ သေချာစီစဉ်ပေးတဲ့ တာဝန်ရှိ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျောင်းမဖွင့်ခင်မှာတော့ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ် စိတ်ဖြစ်ခဲ့ပေမယ့် အခု ကျောင်းရောက်တဲ့အခါမှာ ကလေးတွေ ပျော်ရွှင်စွာနဲ့ ကျောင်း စာတွေ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးထားတာကို တွေ့ရပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကလည်း ဖြစ်ပွားနေတဲ့အချိန်ကာလဖြစ်တဲ့အတွက် ကျောင်းမှာ ကိုဗစ် - ၁၉ ရောဂါတားဆီး ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျဆောင်ရွက်ထားတာကိုလည်း တွေ့မြင်ရ တော့ ကလေးတွေအတွက် စိတ်ချရပါပြီ။ ကျောင်းအပ်တဲ့အခါမှာလည်း မည်သည့် အခကြေး ငွေမှ မယူတဲ့အပြင် ဗလာစာအုပ်တွေ၊ ကျောင်းဖတ်စာအုပ်တွေ၊ ကျောင်းသုံးပစ္စည်း တွေကို နိုင်ငံတော်က ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါ တယ်” ဟုပြောသည်။ ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပဥ္စမတန်း တက်ရောက် မည့်ကျောင်းသားမိခင်တစ်ဉီးက “ ကလေးတွေအတွက် ကျောင်းတွေပြန်ဖွင့်ဖို့ မျှော်လင့် နေခဲ့တာ ကြာနေပါပြီ။ အခုလို ကျောင်းတွေပြန်ဖွင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်း သာမိပါ တယ်။ ကျောင်းမှာလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးနည်း လမ်းတွေနဲ့ အညီ စနစ်တကျ စီစဉ်ထားတာကို မြင်တွေ့ရပါတယ်။ ဒီနေ့ကကျောင်းစဖွင့် တဲ့နေ့ဆိုတော့ ကလေးတွေ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတွေ့ခွင့်ရတာပေါ့။ နိုင်ငံတော် ကလည်း ခဲတံတွေ၊ ကျောင်းသုံးပြဌာန်းစာအုပ်တွေ၊ Mask နဲ့ Face Shield တွေကို ထောက်ပံ့ ပေးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆောင်ရွက်ပေးနေတာကို တွေ့ရတော့ ကလေးတွေအတွက် စိတ်ချရပါပြီ” ဟု ပြောသည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ် အန္တရာယ် နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင် ကြားနိုင်ရေးဆောင်ရွက်ပေးလျက် ရှိသည်။ သတင်း - လုလင်ငယ် ဓါတ်ပုံ- အေးနော်