Skip to main content

လောကပါလတရားထွန်းကားမှ လောကချမ်းသာငြိမ်းချမ်းသာယာ

တစ်ပါးသူတို့အား ချီးမြှင့်ခြင်းကို သင်္ဂဟတရားဟုခေါ်သည်။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီးသည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေ အားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာ၌ ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများ ဖြစ်ပါသည်။ ချီးမြှင့်ခြင်းဟူသော သင်္ဂဟတရားမှာ လေးမျိုးရှိပါသည်။ ဒါန - ပေးကမ်း ထောက်ပံ့ချီးမြှင့်ခြင်း၊ ပေယျဝဇ္ဇ- ချစ်စဖွယ်စကားတို့ကို ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ - သူ့အကျိုး ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊ သမာနတ္တတာ-ကိုယ်နှင့်ထပ်တူပြုမူ ဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်းတို့ဖြစ်ပါသည်။ ယခုအချိန်ကာလတွင် ဤသင်္ဂဟတရားလေးပါးနှင့် အညီ နိုင်ငံတော်အစိုးရက ပြည်သူပြည်သားများအား ပြုလုပ်ပေးလျက်ရှိ၏။ ယင်းအမှုသည် ပုံမှန်လုပ်ရိုးလုပ်စဉ် အမှုသာဖြစ်သော်လည်း ယနေ့အချိန်အခါတွင် အထူးအလေးအနက်ထား ချီးမြှောက် ရမည့် အခါကာလဖြစ်ပေသည်။ ဒါနဟူသည့် ပစ္စည်းဥစ္စာပေး၍ ချီးမြှင့်ခြင်းဖြစ်သည့် ကျောင်းသား ကျောင်းသူ အားလုံးတို့အား ပညာသင်ကြားခြင်းနှင့် သက်ဆိုင်ရာ လိုရာကိစ္စအဝဝတို့ကို ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိသည်။ ပေယျဝစ္စဟူသည့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များနှင့် ပြောဆိုဆက်ဆံရာတွင် နားဝင်ချိုသာသော အခေါ်အပြောမျိုး ဖြစ်သည့် သားငယ်၊ သမီးငယ်၊ သားလေး၊ သမီးလေးများ စသည်ဖြင့် ခင်ခင်မင်မင် ခေါ်ပြောဆက်ဆံခြင်းဖြင့် ရင်းနှီးချစ်ခင်အောင် ဆက်ဆံခြင်းဖြစ်၏။ အတ္ထစရိယာ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးရာတွင် ပညာသင်ကြားရေးကိစ္စများ ဆောင်ရွက်ရာတွင် မည်သည့်အကျိုးမျှ မမျှော်ကိုးဘဲ ကိစ္စပြီးစီးအောင် ဆောင်ရွက် ပေးခြင်းဖြစ်၏။ သမာနတ္တတာ ကိုယ်နှင့်ထပ်တူပြုမူဆက်ဆံရာတွင် အမျိုးဥစ္စာ ရာထူးဂုဏ်သိမ် ခံယူချက်တို့ မညီမျှသော်လည်း အားလုံးသည် ကျောင်းသား ကျောင်းသူ ကလေး သူငယ်များဖြစ်ကြသည်ဟု အတူသိမှတ်ထားပြီး အတူတကွတန်းတူထား၍ ပေါင်းသင်းဆက်ဆံနေထိုင်ကြသည်။ ထိုသို့ သင်္ဂဟတရားလေးပါးနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူတိုင်းလူတိုင်း ပြည့်စုံကြွယ်ဝရေး လိုက်နာ ဆောင်ရွက်အပ်သည့် “သမ္ပဒါတရား” အရည်အချင်းများနှင့်အညီ အားထုတ်လျက် ရှိသည်။ ဥဌာနသမ္ပဒါဤလောကတွင် လူတို့သည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးနေ ကြရ၏။ အသက်မွေးမှုမရှိဘဲလူပေါ်ကြော့၊ လူတေလေလုပ်နေ၍မရပေ။ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ကျွမ်းကျင်မှု၊ လုံ့လဝီရိယရှိမှု၊ စူးစမ်းနှိုင်းချိန်တတ်သော ဉာဏ်စွမ်းရှိမှု၊ စီမံခန့်ခွဲတတ်မှုတို့နှင့်ပြည့်စုံစွာ ဆိုင်ရာ အလုပ်များကို မနေမနားလုပ်ကိုင်လျက်ရှိ၏၊ အာရက္ခသမ္ပဒါ လုံခြုံစွာထိန်းသိမ်း စောင့်ရှောက်လျက်ရှိ၏။ လုံ့လဝီရိယကြောင့် တရားသဖြင့်ရလာသည့် စီးပွားဥစ္စာ ပစ္စည်းတို့ကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင် လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ ကလျာဏမိတ္တသမ္ပဒါ မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံ လျက်ရှိ၏။ မြို့ရွာများ၌ သဒ္ဓါ၊ သီလ စသော မိတ်ဆွေကောင်းအရည်အချင်းနှင့် ပြည့်စုံသည့်သူများ၊ ကြီးပွားရေး၊ စီးပွားရေးကို လိုလားသောသူများ၊ ထိုမိတ်ဆွေကောင်းတို့နှင့်အတူလိုက်၍ မိမိလည်း သဒ္ဓါတရားကောင်းသူ၊ သီလရှိသူ၊ ကြီးပွား အောင် လုပ်နိုင်သူ၊ အသိအလိမ္မာ တိုးပွားသူ ထိုမိတ်ဆွေကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံအပ်၏။ သမဇီဝိတသမ္ပဒါအကုန်နှင့်အရ မျှတအောင် အသက်မွေးမှုဖြစ်၏။ မိမိတို့ရရှိသော ပစ္စည်းဥစ္စာတို့၏ အရ၊ အကုန်၊ ဝင်ငွေ၊ ထွက်ငွေတို့ကို စနစ်တကျ မှတ်သားပြီး အကုန်နှင့်အရ မျှတအောင် အသက်မွေးခြင်းဖြစ်၏။ ဤသို့ သင်္ဂဟတရား လေးပါး၊ သမ္ပဒါတရားလေးပါးတို့နှင့်အညီ မင်းအစိုးရ၊ ပြည်သူလူထုတို့က တက်ညီလက်ညီ ကြိုးပမ်းအားထုတ်လျက်ရှိပါသဖြင့် လောကကြီးသည် ငြိမ်းချမ်းသာယာဝပြော လာမည်မှာ အမှန်ဖြစ်၏။ လောကီလူ့ဘောင်တွင် နေထိုင်ကြကုန်သော အများသူငါတို့သည် ဤဘဝ၌ စီးပွားဥစ္စာ ချမ်းသာပြည့်စုံ ကြွယ်ဝနိုင်၍ နောက်ဘဝ၌လည်း အေးချမ်းသာယာ ပြည့်စုံကြွယ်ဝ နိုင်မည်ဖြစ်ရာ သင်္ဂဟတရားများနှင့် သမ္ပဒါတရားများတွင် ဖော်ပြထားသည့်အတိုင်း ကြိုးစား လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ - သို့ဖြစ်ရာ ဤလူ့ဘောင်တွင် လောကကောင်းကျိုးကို လိုလားကြသူများနှင့် မလိုလားကြသူများလည်းရှိရာ လောကပါလတရားများနှင့်အညီ လောက ကောင်းကျိုးကို အားထုတ်ကြသူများက ငြိမ်းအေးချမ်းသာမှုများကို ဧကန်ရရှိကြမည် ဖြစ်ပြီး လောကကောင်းကျိုးကို မလိုလားကြသူများသည် မိမိပြုသည့်ကံ အကုသိုလ် အကျိုးပေး အမှန်အတိုင်း မလွဲမသွေခံစားကြရမည် ဖြစ်ပါကြောင်း။ ။