ဇွန် (၁) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည်။ အဖြူနှင့်အစိမ်း ကျောင်းဝတ်စုံ ကလေးများဝတ်ဆင်၍ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ကျောင်းတက်လာကြသည့် ကလေးငယ်များ၏ ပုံရိပ်များမှာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်အတိ ဖြစ်သည်။ ပြီးခဲ့သည့် စာသင်နှစ်တွင် အသက်ငါးနှစ်ပြည့်သော်လည်း ကျောင်းမတက်ခဲ့ရသည့် ကလေးများ၊ ယခုနှစ်တွင်မှစတင်၍ ကျောင်းတက်ရသည့်ကလေးများ၊ ကိုဗစ်- ၁၉ ကြောင့် စာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရသည့် ကလေးများ စသည့်ကျောင်းသူကျောင်းသားကလေးများအားလုံး ပထမဆုံး ကျောင်းတက်ရက်တွင် ရွှင်လန်းတက်ကြွနေကြသည်။
ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အကျဆုံး၊ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်သည်။ ပညာရေး စနစ်ကောင်းမွန်ခိုင်ခံ့အောင် ပြုပြင်ခြင်း၊ မြှင့်တင်ခြင်းတို့သည် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေခံပညာကဏ္ဍကို ပြုပြင်ပြောင်းလဲလျက်ရှိရာတွင် KG+12 ပညာရေးစနစ် ပြောင်းလဲခြင်း၊ ကျောင်းထွက်နှုန်း မြင့်မား နေရသည့်ပြဿနာ၏အခြေခံအကြောင်းရင်းများကို ဖြေရှင်းခြင်း၊ အလွတ်ကျက်မှတ်ရသည့်စနစ်မှ စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် ပညာရေးစနစ်သို့ ပြောင်းလဲခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံး ဖတ်စာအုပ်များ အရည်အသွေးမြှင့်တင်ခြင်း၊ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု အရည်အသွေးများ မြှင့်တင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်နေရသည့် အချိန်လည်းဖြစ်သည်။ အခြေခံပညာသည်အဆင့်မြင့် ပညာများ ဆက်လက်သင်ယူနိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများအား ပညာအခြေခံ ကောင်းများ ပေးလိုက်နိုင်ရမည်ဖြစ်သည်။ မိဘ၊ ဆရာ၊ ကျောင်းသားတို့ သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတို့ ကောင်းမွန်သည်နှင့် အမျှ ပညာရေးခရီးလမ်း ကောင်းမွန်ဖြောင့်တန်းမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့်၌ ကျောင်းထွက်နှုန်း မြင့်မားနေရခြင်းနှင့်စပ်လျဉ်း၍ စစ်တမ်း ကောက်ယူခြင်း၊ သုတေ သနပြု လေ့လာဆန်းစစ်ခြင်းတို့ မည်မျှပြုလုပ်ပြီးပြီကို မသိရသော်လည်း ဆင်းရဲနွမ်းပါးမှုက အဓိကအကျဆုံးအကြောင်းရင်း ဖြစ်မည်ဟု ယူဆမိသည်။ မိသားစုဝင်ငွေအတွက် အလုပ်ထွက် လုပ်ရခြင်း၊ မိဘတို့၏ လုပ်ငန်းခွင်၌ ပါဝင်အလုပ်လုပ်ရခြင်း စသည်ဖြင့် ပညာသင်ကြားရမည့်အရွယ်တွင် မိသားစုဝင်ငွေ ရှာဖွေရေး လုပ်ကိုင်ကြရသည့်အတွက် ကျောင်းထွက်ကြရခြင်း ဖြစ်သည်။ အခမဲ့ပညာရေးဖြစ်စေကာမူ မိဘများက ကလေးကို ကျောင်းသို့မလွှတ်တော့ဘဲ ကလေး၏လုပ်အားကို မိသားစု စားဝတ်နေရေးအတွက် အသုံးပြုကြခြင်းနှင့် ရေရှည်တွင်ကလေး က စာသင်ရန် စိတ်မဝင်စားတော့ခြင်းတို့က ကျောင်းထွက်နှုန်းကို မြင့်မားစေခြင်း ဖြစ်သည်။ ယင်းသို့သော ကလေးများကိုသက်မွေး ဝမ်းကျောင်းပညာများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် လေလွင့်ပြုန်းတီးမည့် အရေးကို ကာကွယ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးမှာ နိမ့်ကျနေခဲ့သည့် အခြေအနေမှ ဒေသတွင်း အဆင့်အတန်းဆီသို့ ပြန်လည်ရောက်ရှိရန်ပြုဖွယ် အရေးကိစ္စတို့ မြောက်မြားစွာ၊ စိန်ခေါ်မှုတို့ မြောက်မြားစွာ ရှိနေသည်။ အကြီးမားဆုံးသော ခြိမ်းခြောက်မှုများမှာ ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ၊ ယခုနှစ်တွင်မူ နောက်တစ်ခုတိုးကာ အကြမ်းဖက်မှုကပါ ခြိမ်းခြောက်လာသည်။ နိုင်ငံရေး ရည်မှန်း ချက်အတွက် မူလတန်းအရွယ် ကလေးငယ်တို့ကို ပြဿနာ ရှာသည့် အာဖရိကနိုင်ငံတစ်နိုင်ငံမှ သူပုန်အဖွဲ့ကို ကမ္ဘာက မည်ကဲ့သို့ ရှုမြင်ခဲ့ကြသည်ကို ပြန်လည်လေ့လာကြည့်ဖို့ လိုသည်။ ယင်းလုပ်ရပ်အတွက် မည်သည့်ဆင်ခြေမျိုးမှ မရှိနိုင်။ အရွယ် မရောက်သေးသော ကလေးငယ်များ ပညာသင်ကြားရာ အရပ် သည် နိုင်ငံရေး၊ စစ်ရေးတို့နှင့် မသက်ဆိုင်သော သီးခြား ကင်းလွတ်ရာသာ ဖြစ်ပါကြောင်း။