Skip to main content

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မော်လမြိုင်တက္ကသိုလ်တွင် ပညာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင် တက္ကသိုလ်သို့ သွားရောက်၍ အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်) နှင့် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်  တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ သင်ကြား ရေးတာဝန်များကို စေတနာမေတ္တာထားလျက် အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် သင်ကြားပေးကြစေလိုပါကြောင်း၊ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုပါကြောင်း၊ အခက်အခဲများကြားမှ သစ္စာရှိရှိ တာဝန် ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အားလုံးကိုလည်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင် ရှိပါကြောင်း၊ သင်ကြားရေး တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာ၊ ဆရာမများအား မိမိတို့ရရှိထားသည့် ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မကြာမီ ချီးမြှင့်ပေးအပ်နိုင် မည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ သောက်သုံးရေပြည့်စုံရေး၊ တက္ကသိုလ် စာကြည့်တိုက် အဆင့်မြှင့်တင်ရေးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားစီမံကိစ္စရပ်များ အောင်မြင်ရေးအတွက် လိုအပ်ချက်များကိုလည်း  တင်ပြကြစေလိုပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ် ပညာတတ်အောင်၊ လူတော်လူကောင်းများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)