Skip to main content

တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခလျော့နည်း နှုန်းများယူ၍ ငွေသားပေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူကို ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃၁

ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မှုသည်ငွေရေးကြေး ရေးအဖွဲ့စည်းများဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက် ကျူးလွန်နေ သည့်အတွက် ကျူးလွန်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ မေ ၂၀ ရက် ည ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ မချိုချိုလှိုင် (၂၉)နှစ်(ဘ) ဦးသိန်းဝင်းကို သတင်းအရစစ်ဆေးရာ ၎င်းသည် Online Shopping လုပ်ငန်း လုပ်ကိုင်ကာ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်သူများ တန်းစီငွေထုတ်နေမှုအပေါ်အခွင့် ကောင်းယူ၍ ဝန်ဆောင်ခယူကာ အိမ်တိုင်ရာရောက် ငွေသားလိုက်လံထုတ်ပေးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း၊ ဝန်ဆောင်ခအနေဖြင့် ၁ သိန်းကျပ် လျှင် ၅ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းဖြင့် လိုအပ်သည့် ငွေသားအပေါ်မူတည်၍ ပေးဆောင်ရမည့် ဝန်ဆောင်ခရာခိုင်နှုန်းကို ကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ ညှိနှိုင်းဈေးဖြင့်သာ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ၎င်း၏ ဖုန်းအမှတ် ၀၉၇၀၅၅၅၅၆၁၀ဖြင့် ဖွင့်လှစ်ခဲ့သည့် Cho Cho Hlaing( Shilly Shally) အကောင့်ဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့ကြောင်း၊ K Pay ဖုန်းနံပါတ်မှာ ၀၉၇၇၈၅၇၆၁၆၀ နှင့် Mobile Banking ဖုန်းနံပါတ်မှာ ၀၉ ၄၂၁၁၀၈၀၅၉ တို့ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ ချိုချိုလှိုင် (၂၉)နှစ် (ဘ) ဦးသိန်းဝင်းကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ကျန်ရှိသော တရားမဝင် ငွေလွှဲ/ ငွေထုတ်ဆောင်ရွက်သူများကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)