Skip to main content

ပြည်ထောင်စုဝန်ကြီးများ ကရင်ပြည်နယ်အပြည်အတွင်းရှိ သက်ဆိုင်ရာဌာနများအလိုက် လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံတက္ကသိုလ်သို့သွားရောက်၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင် ရွက်နေမှုများနှင့် နိုင်ငံ၏ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု များကို ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများကို လိုက်လံကြည့်ရှုကာ တစ်ဦးချင်း၏ ကျန်းမာရေးတိုးတက်မှု အခြေအနေ များကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားသည်။

ထို့နောက် ကျောက်ကပ် အထူးကုခန်းတွင် ကုသဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ ဆေးရုံတွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တွင် သွားရောက်တွေ့ဆုံ၍ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းခွင်များအလိုက် လုပ်ငန်းအောင်မြင်အောင် စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လမ်းများ အရည်အသွေး ပြည့်မီကောင်းမွန်အောင် လုပ်ဆောင်သွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ၃ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)