နေပြည်တော်၊ မေ ၃၁
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဒုတိယအကြိမ် ဒုတိယ အစည်းအဝေးက အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၇ ရက်မှ နယုန်လဆန်း ၄ ရက်၊ ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီတို့၏ ခွင့်ပြုချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ စာမေးပွဲများကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်း ၃ ကျမ်း၊ မြန်မာဂုဏ်ထူး ၇ ကျမ်းနှင့် ပါဠိဂုဏ်ထူး ၃ ကျမ်းတို့ကို ဖြေဆိုရမည်ဖြစ်ပြီး ဇွန် ၁ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာဖြေဌာန ၅၉ ဌာနတို့၌လည်းကောင်း၊ ပါဠိ ပထမပြန် စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမ ကြီးတန်းတို့ကို ဖြေဆိုရမည်ဖြစ်ပြီး ဇွန် ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌လည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရက်နေ့များတွင် ကျင်းပမည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးစီးအဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာ စာဖြေဌာနအသီးသီးသို့ လိုက်လံကြည့်ရှု စစ်ဆေးခြင်း၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူတော်ငွေ ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
