မြင့်မားခိုင်ကျည်ပါမှ နိုင်ငံဖွံ့ဖြိုး စာရိတ္တဟူသော ကိုယ်ကျင့်တရားသည် လူတစ်ယောက်၏ အသက်သွေးခဲဖြစ်သည်။ စာရိတ္တကောင်းမွန်သူသည် လူကောင်းဖြစ်၍ နိုင်ငံတော်က အားထားရမည့်သူ ဖြစ်သည်။ စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းနေသူသည် လူဆိုးလူသွမ်းဖြစ်၍ မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးမပြု၊ အများပြည်သူတို့ကိုလည်း အနှောင့်အယှက် ပေး၊ နိုင်ငံတော်ကိုလည်း နှောင့်ယှက်ဖျက်ဆီးနေသူ ဖြစ်လာသည်။
တိုင်းပြည်တစ်ပြည် သို့မဟုတ်လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အကျင့်စရိုက်တို့ကို ကြည့်ရှုအကဲခတ်ပါက သက်ဆိုင်ရာဘာသာ တရားများနှင့် ဓလေ့စရိုက်များ က ယင်းတိုင်းပြည်နှင့်လူမျိုးတို့ကို လွှမ်းခြုံထိန်းသိမ်း စောင့်ရှောက်ထားသည်ကို တွေ့ရ၏။ မြန်မာတို့၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာ၊ ဘာသာတရားများ ပျောက်ကွယ်ပါးလျားခဲ့သော် ယဉ်ကျေးသော ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများလည်း ပျောက်ကွယ်မည်ဖြစ်၏။
လူငယ်လူရွယ်တစ်ယောက်စီက ပြုစုပျိုးထောင်ရမည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံး၊ အရေးအကြီးဆုံး မဏ္ဍိုင်ဖြစ်သည်။ လက်ချောင်း ငါးချောင်းတွင် လက်ခလယ်သည် အမြင့်ဆုံး ဗဟိုမဏ္ဍိုင် ဖြစ်နေသည်နှင့်တူ၏။ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါမှ အခြားသော ဗလစွမ်းအားတို့သည် မိမိကိုသော်လည်းကောင်း၊ နိုင်ငံတော် ကိုသော်လည်းကောင်း အကျိုးပြုနိုင်ကြမည်ဖြစ်သည်။ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေပါလျှင် ကျန်ဗလလေးတန်တို့၏ ခွန်အားတို့သည် အဖျက်လုပ်ငန်း များဆီသို့ ဦးတည်သွားကြပေလိမ့်မည်။
လက်ရှိအချိန်အခါကာလတွင် လူငယ်လူရွယ်တို့သည် ကိုယ်ခံစွမ်းအားဖြစ်သည့် စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်အားနည်းခဲ့သောကြောင့် မိမိလူမျိုး၊ မိမိတိုင်းပြည် ပျက်စီး ရာ ပျက်စီးကြောင်းဘက်သို့ လျှောက်လှမ်းလာကြသည်ကို တွေ့ရသည်။ စိတ်ဓာတ် အခံရှိသည်ဖြစ်စေ၊ အခံမရှိသည်ဖြစ်စေ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများ၊ အကြမ်းဖက် ဖျက်ဆီးမှုလုပ်ငန်းများတွင် ပါဝင်လာကြသည်။ မြို့ရွာအချို့တွင် အများပြည်သူ ဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ စက်ရုံ အလုပ်ရုံများ၊ ရဲစခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးထောင်ဖောက်ခွဲခြင်း၊ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လာကြသည်။
နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီရေးဟူသော တံဆိပ်ကပ်၍ မိမိတို့၏ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား နှောင့်ယှက်ဖျက်ဆီးနေကြသည်။ မေလ ၂၇ ရက်နေ့က စာသင်ကျောင်း မီးရှို့ ဖျက်ဆီးသူများနှင့် ကျောင်းများဖွင့်လှစ်ရာတွင် အနှောင့်အယှက်ဖြစ်စေမည့် စာရေးသား ဖြန့်ဝေသူများကို ဖမ်းဆီးရမိခဲ့သည်။ အခြေခံပညာမူလတန်းလွန်ကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့ကြ သည်။ ကျေးလက်တောရွာရှိ ကလေးသူငယ်များ ပညာတတ်မြောက်ရေးသည် လွယ်ကူလှသည့် အလုပ် မဟုတ်ပေ။ ဆရာ ဆရာမရှားပါးမှု၊ ကျောင်းအဆောက်အအုံ တူတူတန်တန်မရှိမှု၊ ကျောင်းပရိဘောဂများနှင့် လိုအပ်သည်များ ပြည့်စုံစေရန်အတွက် အလွန်ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ကြရသည်။
ကျေးလက်ကျောင်းတစ်ကျောင်း ပေါ်ပေါက်လာရန်အတွက် ပညာရေးဌာနမှ ထောက်ပံ့ပေးမှုဖြင့် မလုံလောက်သဖြင့် ရပ်မိရပ်ဖများ၊ စေတနာရှင်များ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် ကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာအောင် ခက်ခက်ခဲခဲတည်ဆောက် ထားရသည်။ မိမိတို့ရပ်ရွာရှိ ကလေးသူငယ်များ ပညာတတ်မြောက်ရေးအတွက် စေတနာ၊ မေတ္တာ၊ သဒ္ဓါအားဖြင့် ဝိုင်းဝန်းထူမခဲ့ရသည်။ သို့သော် တူတူတန်တန်လေး ဖြစ်အောင် ခက်ခက်ခဲခဲ တည်ဆောက် ခဲ့ရသော ကျေးရွာကျက်သရေ စာသင်ကျောင်း ငယ်လေးကို ကျေးရွာမှ မသမာသူ အဖျက်သမားများက ဖျက်ဆီးခဲ့ကြသည်။ မိမိရွာ၊ မိမိတို့၏ကလေးသူငယ်များ ဘဝနောင်ရေးကို နင်းချေဖျက်ဆီးခဲ့ကြသည်။ ကျေးရွာ မူလတန်းကျောင်းလေး ပြန်လည်ဖွင့်လှစ်မည်ကို မလိုလားသဖြင့် NLD ထောက်ခံ အားပေးသူ လူတစ်စုက ဖျက်ဆီးခဲ့ကြသည်။
ကျေးရွာများဆိုသည်မှာ ဘာသာတရားကိုအခြေခံပြီး ယဉ်ကျေးမှုဓလေ့စရိုက်များကို အလေးထားကြသည့် အစဉ်အလာရှိသည်။ ပြီးခဲ့သည့်ကာလများအတွင်းက ဒီမိုကရေစီဝါဒကို လွဲမှားစွာအသုံးချမှုများကြောင့် ဘာသာတရားနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ ပါးလျားပျောက်ကွယ်ခဲ့သည့် အကျိုးဆက်များ ဖြစ်သည်။ နိုင်ငံရေး အစွဲအလမ်းကို အကြောင်းပြု၍ မိမိရပ်ရွာနှင့် အပြစ်မရှိသည့် ဖြူစင်သန့်ရှင်းသော ကလေးငယ်များ၏ ဘဝများကို မျက်ကွယ်ပြုကာ ဖျက်ဆီးလာခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ စာသင်ကျောင်းနှင့်ပတ်ဝန်း ကျင်တို့ကို လုံခြုံရေးအပြည့်အဝ ပေးလျက်ရှိသည်။ ကျူးလွန်ဖျက်ဆီးသူများကိုလည်း သတင်းထုတ်ဖော် ဖမ်းဆီးအရေးယူ လျက်ရှိသည်။
သို့ဖြစ်ရာ စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းလာမှုများကြောင့် လူဆိုး လူသွမ်းဖြစ်၍ မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးမပြု၊ အများပြည်သူတို့ကိုလည်း အနှောင့်အယှက်ပေးပြီး နိုင်ငံတော်ကိုလည်း နှောင့်ယှက်ဖျက်ဆီးနေသူများကို ဝိုင်းဝန်းရှုတ်ချ တားဆီးကြရမည် ဖြစ်သည်။ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မား ခိုင်ကျည်သည့် နိုင်ငံသားဖြစ်မှသာ နိုင်ငံတော်လည်းအေးချမ်းသာယာဖွံ့ဖြိုးတိုးတက် မည် ဖြစ်ပါကြောင်း။ ။