Skip to main content

လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများ စီမံဆောင်ရွက်ပေးမည်

နေပြည်တော်၊ မေ  ၃၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် မေ ၂၉ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၌ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရေတာရှည်မြို့နယ် ဇမန်းသာကျေးရွာနှင့် တောင်ငူမြို့နယ်၊ ဘုရားနှစ်ဆူ (အရှေ့ရွာ)များတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဖြင့် ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်များကိုလည်းကောင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်း ကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံတွင် နေရောင်ခြည်စွမ်းအင်သုံး အအေးခန်းစနစ်ဖြင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တောင်ငူမြို့ ကေတုမတီ ငါးနှင့်ကြက်မွေးမြူရေးကုန်ထုတ် သမဝါယမအသင်း လီမိတက်သို့ရောက်ရှိကြပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စဥ်ဆက်မပြတ် တိုးတက်အောင်မြင်သော ငါးကုန်ထုတ် အသင်းတစ်သင်းအဖြစ် ရေရှည်ရပ်တည်နိုင်ရေး၊ မျိုးဆက်သစ်လူငယ်များအား လေ့ကျင့်ပညာပေးမှုဖြင့် လက်ဆင့် ကမ်းတာဝန်ပေးအပ်နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးပြောကြားသည်။

 

ညနေပိုင်းတွင် ဖြူးမြို့နယ် ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာခြံ)သို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသနှင့် သင့်လျော်သည့် အထွက်ကောင်းကြံမျိုးများရွေးချယ်ရန်၊ မျိုးကောင်းမျိုးသန့် ကြံမျိုးများ ထိန်းသိမ်းပွားများ၍ ကြံတောင်သူများအား ဖြန့်ဝေပေးရန်၊ ကြံစိုက်တောင်သူများ၏ စိုက်ကွင်းအရောက် စဉ်ဆက်မပြတ် ကွင်းဆင်း၍ ပြောင်းလဲတိုးတက်လာသော နည်းပညာများ ဖြန့်ဝေပေးရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)