Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (မန္တလေး)သို့ ရောက်ရှိပြီး မိုးကြိုကာလနှင့် မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို   ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသိုလှောင်ရုံရှိ ဂိုဒေါင်များအတွင်း ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဗဟိုသိုလှောင်ရုံ(မန္တလေး) အပါအဝင် သိုလှောင်ရုံများတွင် Warehouse Management ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန်မှန်ကန်စွာ သိရှိနိုင်ခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန် သက်သာခြင်း၊ ပစ္စည်းများ လက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူချောမွေ့ခြင်းနှင့် ပစ္စည်းများလေ လွင့်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်သည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာဇံမြို့နယ်ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန(မန္တလေး)၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းနှင့် အောင်မြေသာဇံ မြို့နယ်ရှိအမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်းများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက သက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူလုပ်ကိုင်နေမှု အခြေအနေများ၊  စားသောက်နေထိုင်မှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

 

(သတင်းစဉ်)