နေပြည်တော်၊ မေ ၃၁
မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက်က မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်တာဝန်ရှိသူ များ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လယ်ယာကဏ္ဍအခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးနှင့် လယ်ယာ ကုန်ထုတ်စက်မှုဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီအားပေးရန် ကိစ္စရပ်များကိုလည်းကောင်း၊ ခေတ်မီအဆင့်မြင့်ဆီစက်များ ထူထောင်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ စက်မှုလယ်ယာစနစ်သို့ ထိရောက်စွာကူးပြောင်း နိုင်ရေးနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်မှုအား ပိုမိုကောင်းမွန်လာစေရေး၊ စက်မှုလယ်ယာ ဝန်ဆောင်မှုသမဝါယမ အသင်းများ၊ လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တောင်သူလယ်သမားများ အထူး လိုအပ်နေသော သေချာသည့် သီးနှံဈေးနှုန်း ဖော်ဆောင်ပေး နိုင်ရေးအတွက် တောင်သူ ၊ ဆန်စက်ပိုင် ၊သွင်းအားစုရောင်းချသူတို့ သုံးပွင့်ဆိုင် ချိတ်ဆက် ညှိနှိုင်းပေးခြင်းဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် ကာလတိုအတွင်း လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်မည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဆီစက်ပိုင်ရှင်များ၊ တောင်သူအစုအဖွဲ့များကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်အဖွဲ့သည် နှမ်းကုန်ချောစက်ရုံကို လည်းကောင်း မကွေးမြို့နယ် သမဝါယမအသင်းဆီစက်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိသည့် နှမ်းအခွံချွတ်စက်ရုံများကို ကြည့်ရှုအားပေးပြီး ဈေးကွက်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များ အကြံပြုဆွေးနွေး အားပေးသည်။
(သတင်းစဉ်)