နေပြည်တော် မေ ၃၁
မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး နှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာများနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ စစ်ဆေးရေးအရာရှိချုပ်(အထက်မြန်မာပြည်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးသည် ဓာတ်အား ၇၂၆ မဂ္ဂါဝပ်ခန့်ကို သုံးစွဲလျက်ရှိသည့်အတွက် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် ဒုတိယ အများဆုံး သုံးစွဲနေသော မြို့ဖြစ်ကြောင်း၊ ဗို့အားတည်ငြိမ်သော လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်းပြုပြင် စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း အမြန်ကောက်ခံရရှိနိုင်ရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာမှူးများ၊ ဘဏ္ဍာရေးတာဝန်ခံများက အနီးကပ်ကြပ်မတ်၍ ကြွေးကျန်မရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်း ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစစ်ဆေးရေး အရာရှိချုပ် (အထက်မြန်မာပြည်)၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တဥက္ကဋ္ဌတို့က လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံများအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများကို လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)