နေပြည်တော် မေ ၃၁
စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မိမိတို့ဝန်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ လျှင်မြန်ချောမွေ့စေရန် ဆောင်ရွက်ရသောဝန်ကြီးဌာနဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် ဌာနမှတာဝန်ယူ ဆောင်ရွက်နေရ သည့် စားသုံးသူပညာပေးရေးလုပ်ငန်းများ၊ Online မှ တစ်ဆင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး၊ Product Safety ဆိုင်ရာလုပ်ငန်းများ၊ အာဆီယံ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုနှင့် အရည်အသွေး စီမံခန့်ခွဲသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်း ကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဒီဂျစ်တယ်စနစ်အသွင်ကူးပြောင်းမှုနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်ဌာနအချင်းချင်း၊ အစိုးရနှင့် ပြည်သူအကြား၊ အစိုးရနှင့်ပုဂ္ဂလိက စီးပွားလုပ်ငန်းရှင်များအကြား ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ရာ ကွန်ပျူတာ ကျွမ်းကျင်မှုနှင့် သတင်းအချက်အလက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်မှုများ ပြည့်ဝရန်အထူးလိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က ဖြည့်စွက် မှာကြားသည်။
သင်တန်းသို့ သင်းတန်းသား၊ သင်တန်းသူ (၃၄)ဦး တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွန်ပျူတာသင်တန်းခန်းမနှင့် မူပိုင်ခွင့် ဦးစီးဌာန၏ ရုံးခန်းများဖွင့်လှစ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)