နေပြည်တော် မေ ၃၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို SME Member Card ထုတ်ပေးလျက်ရှိရာ မေလကုန်အထိ စုစုပေါင်း (၃၀၉၅)ခု ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
"လုပ်ငန်းရှင်အနေနဲ့ SME Member Card ပြုလုပ်ထားခြင်းအားဖြင့် သူတို့လုပ်ငန်းကို အထောက်အပံ့ပေးနိုင်မယ့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက် သတင်းအချက်၊ လိုအပ်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ စတာတွေကို ဌာနနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တယ်။ ဥပမာအနေနဲ့ဆိုရင် SME Member Card ပြုလုပ်ထားတဲ့ သူဟာ ဒီကတ်ရှိတဲ့အတွက် SME ချေးငွေကို အတိုးနှုန်းသက်သာစွာနဲ့ ချေးယူရရှိနိုင်မှာဖြစ်ပါတယ်" ဟု မကွေးတိုင်း ဒေသ ကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင် က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းတွင် SME Member Card ကို ထုတ်လုပ်မှု လုပ်ငန်းများအနေဖြင့် ဆန်စက်၊ ဆီစက်၊ မြေပဲခွဲစက်၊ သံပန်းသံတံခါး၊ ဇီးခွဲစက်နှင့် စားသောက်ကုန် လုပ်ငန်းများ၊ ရောင်းဝယ်မှုလုပ်ငန်းများအနေဖြင့် အဝတ်အထည်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များ၊ ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ၊ အလှပြင်ဆိုင်၊ အပ်ချုပ်ဆိုင် စသည့် လုပ်ငန်းများ လျှောက်ထားလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာမှ ဆန်စက်လုပ်ငန်းရှင် ဦးအေးနိုင်က "ချေးငွေလျှောက်တဲ့အခါ SME Member Card ရှိမှသာ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ချေးငွေ ရရှိတဲ့အတွက် လုပ်ငန်းတွေ ပိုမိုရင်းနှီးမြှုပ်န ှံနိုင်တယ်။ လုပ်ငန်းပိုမို လည်ပတ်လာနိုင်တဲ့အတွက် ဝင်ငွေ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် SME Member Card က ကျွန်တော်တို့လို အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေကို အထောက်အကူ ဖြစ်စေပါတယ်"ဟု ပြောသည်။
SME Member Card လျှောက်ထားလိုသူများအနေဖြင့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းရှင်၏ ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် gmail account တို့ဖြင့် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဦးစီးဌာန ဝက်ဘ်ဆိုက် လိပ်စာ ဖြစ်သည့် www.msmewebportal.gov.mm မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင် ကြောင်း သိရသည်။
ကေတာ