Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အမှုထမ်းဝန်ထမ်းများ ဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၁) တက်ရောက်ဖွင့်လှစ်

နေပြည်တော် မေ  ၃၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အမှုထမ်း ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးသည့် ဓါတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးရေး စွမ်း‌ဆောင်ရည် မြှင့်တင်ရေးသင်တန်း ၁/၂၀၂၁ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊  စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြာရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများ၊ သင်တန်း သားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို အများပြည်သူများ သိရှိနိုင်စေရန်အတွက် သတင်းများ ထုတ်ပြန်ရာတွင် လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများအတွက် သတင်းမှတ်တမ်းများ  ရိုက်ကူးရာတွင်လည်းကောင်း နယ်စပ်ဒေသအသီးသီး၌ ဖွံ့ဖြိုးရေးတာဝန်များ ထမ်းဆောင်နေကြသည့် အမှုထမ်းဝန်ထမ်းများအနေဖြင့် အရည်အသွေးပြည့်မီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဓါတ်ပုံ၊ ဗွီဒီယိုကျွမ်းကျင်ပညာရှင် နည်းပြများ က မေ ၃၁  ရက်မှ  ဇွန် ၄ ရက်အထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေး သွားမည်ဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ သင်တန်းသား ၂၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)