ရန်ကုန် မေ ၃၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင် ပုဇွန်တောင်ဈေးအနီး အေးတံတား မြစ်ထွက်ပေါက်တွင် ရေစီးရေလာ စီမံခန့်ခွဲမှုဌာနက ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အဆိုပါ အေးတံတား မြစ်ထွက်ပေါက်သည် ဗဟန်း(၃)လမ်းမှ မကျည်းတန်းမြောင်းအဖြစ် စီးဆင်းလာပြီး ယင်းမှ မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားရပ်ကွက်၊ လွတ်လပ်ရေး ရပ်ကွက် တို့ကိုဖြတ်သန်းကာ အေးတံတားမြစ် ထွက်ပေါက်မှတစ်ဆင့် သဲဖြူချောင်း အဖြစ်စီးဆင်းပြီး ပုဇွန်တောင်ချောင်းအတွင်းသို့ စီးဝင်သွားကြောင်းသိရသည်။
ထို့နောက် မြို့တော်ဝန်သည် ပုဇွန်တောင်ဈေးအတွင်း သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုနှင့် ရောင်းဝယ်ဖောက်ကားနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဈေးအဝင် အထွက်လမ်းများ ပြန်လည်ပြုပြင်ရေး၊ သား၊ ငါးတန်းနှင့်ကုန်စိမ်းတန်းများ စနစ်တကျ ရောင်းဝယ်စေရေးနှင့် အမိုးအကာများ ပြန်လည်ပြုပြင်ရေး၊ ဈေးရုံများကြံ့ခိုင်ရေး၊ ဈေးအတွင်း ဈေးအပြင် သန့်ရှင်းရေး ကောင်းမွန်စေရေးနှင့် လုံခြုံရေးသတိအမြဲရှိရန် အထူးဂရုစိုက် ဆောင်ရွက်သွားရေး တို့ကိုမှာကြားသည်။ အဆိုပါ ပုဇွန်တောင်ဈေးသည် (က)အဆင့်ဈေးဖြစ်ပြီး မြေဧရိယာ ၅ ဒသမ ၈၄၈ ဧက ပေါ်တွင် ဈေးရုံပေါင်း (၃၁)ရုံ၊ ဆိုင်ခန်းပေါင်း (၁၉၃၂)ခန်းဖြင့် ဖွဲ့စည်းတည်ဆောက် ထားကြောင်း သိရသည်။
ဆက်လက်၍ မြိုတော်ဝန်နှင့်တာဝန်ရှိသူများသည် ဗိုလ်တထောင်မြို့နယ်၊ ၈ ရပ်ကွက်၊ ကုန်သည်လမ်း(၄၁ လမ်းနှင့် ၄၂ လမ်းအလယ်ကြား)ရှိ ဘိုကလေးဈေးအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ရောင်းဝယ်ဖောက်ကားနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ အဆိုပါ ဘိုကလေးဈေးသည် (ခ)အဆင့်ဈေးဖြစ်ကာ တိုက်ရုံဈေး၊ လေဟာပြင်ဈေးနှင့် လူနေဆိုင်ခန်း ဈေးသုံးခု ပေါင်းစည်းထားပြီး ဈေးရုံ(၁၄)ရုံ၊ ဆိုင်ခန်း စုစုပေါင်း ၅၄၈ ခန်း ပါရှိကြောင်း သိရသည်။
(သတင်းစဉ်)