Skip to main content

အနာဂတ်ကိုအလှဆင်မည့် စာသင်ကျောင်းအားလုံး ပါဝင်လက်တွဲပူးပေါင်း

အနာဂတ်တွင် လင်းလက်ကြယ်လေးများသဖွယ်ပွင့်လန်းလာမည့် ကလေးသူငယ်၊ လူငယ်လူရွယ် များအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်တော့မည်ဆိုသည့် သတင်းသည် မင်္ဂလာရှိသော သတင်းကောင်းပင်ဖြစ်သည်။ ကလေးသူငယ် ငယ်ရွယ်သူများအဖို့ ကျောင်းပြန်ဖွင့်မည်ဆိုသည့် အတွက် ပျော်ရွှင်နေကြသည်။ စာသင်ကျောင်းများသည် ကလေးသူငယ် ငယ်ရွယ်သူများအတွက် နားခိုရာ၊ ရှင်သန်ရာ၊ ဖူးပွင့်ရာ၊ ပျိုးထောင်ရာ မြေကောင်းမြေမှန် နေရာမှန်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ကျောင်းများပိတ်ထားခဲ့ရသဖြင့် စာသင်နှစ်တစ်နှစ် ဆုံးရှုံး ခဲ့ရပြီးဖြစ်သည်။ ကာကွယ်ဆေးများထုတ်လုပ်နိုင်ပြီး ကြိုတင်ကာကွယ်ရေးနည်းလမ်း အမျိုးမျိုး တို့ကြောင့် ရောဂါကူးစက်မှုပါးလျားကာ အသားတကျ ဖြစ်လာသည်။ ကလေးသူငယ်၊ လူငယ် လူရွယ်များ ပညာရေးနစ်နာမှုမရှိစေရေးအတွက် ကျောင်းများပြန်ဖွင့်ရန် အသင့်စီမံထားပြီးဖြစ်သလို မကြာမီတွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပန်းကလေးများပွင့်တော့မည်၊ ဖူးတန်ဝင့်လိုချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်းဟူသည့် စာချိုးနှင့်အညီ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံမည့် အချိန် ရောက်ပေတော့မည်။

သို့သော် ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများအဖို့ ကျောင်းသားများအတွက် မျှော်လင့်ချက် ဆန္ဒ ပြည့်ပြည့်ဝဝတော့ မရကြပါပေ။ အများသူငှာ ပျော်ရွှင်ချမ်းမြေ့စိတ်ချမ်းသာလိုသည့် ဆန္ဒများ ကို မသမာသူအဖျက်သမားများက နင်းချေဖျက်ဆီးနေကြသည်။ စာသင်ကျောင်းများကို မီးရှို့ ဖျက်ဆီးခြင်းအမှုများကို ပြုလုပ်နေကြသည်။ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ခြိမ်းခြောက်နေကြသည်။ စည်းရုံးလှုံ့ဆော်မှုကို ယုံစားသောသူများ၊ ကျောင်းသား ကျောင်းသူများ အတွက် စိုးရိမ်ကြသူများက ကျောင်းပရိဝုဏ်သို့ ရောက်မလာကြပေ။ ပညာလိုလားသော မိဘများက မိမိတို့ရင်သွေးငယ်များအား မဖြစ်မနေကျောင်းအပ်နှံခဲ့သည်။

ယခုစာသင်နှစ်တွင် လူငယ်လူရွယ်များ၏ရှေ့ရေးအတွက် ကျောင်းနေသူ အားလုံး ကျောင်းနေရေး၊ ကျောင်းထွက်သူမရှိစေရေးကို သက်ဆိုင်ရာက ရည်မှန်းထားသော်လည်း ဆန္ဒအပြည့်အဝတော့ ရနိုင်မည်မဟုတ်ပေ။ ကျောင်းမတက်သူသည် ပညာသင်နှစ်တစ်နှစ် ထပ်မံဆုံးရှုံးပြီး ကျောင်းတက် သူသည် ပညာရေးရှေ့သို့ တစ်ဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်။ တာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ လုံခြုံရေး၊ ကျန်းမာရေး လစ်ဟင်းမှုမရှိစေရန်နှင့် အဘက်ဘက်က ထောင့်စေ့ရေး သတိကြီးစွာဖြင့် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ကျောင်းသားမိဘများ၊ တာဝန်ရှိသူများအား အကြံပြုလိုပါသည်။

ရင်သွေးငယ်များ ပညာအဆက်မပြတ်ရေးနှင့် မကင်းကွာစေရေးအတွက် အထူးပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ပညာရေးဖြောင့်ဖြူးစေရေးနှင့်အတူ ကျန်းမာရေးအတွက် အထူးဂရုစိုက်ကြရ ပါမည်။ စိုးရိမ်စိတ်များ လွန်ကဲရန် မလိုအပ်သလို မပေါ့ဆရန်လည်း အထူးလိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါမှာ အသွင်ပြောင်း ကူးစက်နိုင်သည့်အပြင် အန္တရာယ်ကြီးမားသောကြောင့် ကပ်ရောဂါဆိုး ကင်းစင် သည်အထိ အမြဲဂရုပြုရန်လိုအပ်ပါသည်။ ထို့ကြောင့် ကလေးသူငယ်၊ လူငယ်လူရွယ် များ အောင်မြင်စွာ ပညာသင်ကြားနိုင်ရန်အတွက် မိဘ၊ ဆရာ အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်ကြ ရန် တိုက်တွန်းအပ်ပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများကိုလည်း သတိပေးလိုပါသည်။ ကလေးသူငယ်များသည် အပြစ်ကင်းစင်ပြီး မိမိတို့လူမျိုး၊ မိမိတို့၏အနာဂတ်မျိုးဆက်များ ဖြစ်ပါသည်။ နိုင်ငံ့ကောင်းမွေကို ခံယူပြီး ပခုံးပြောင်း တာဝန်ယူကြရမည့်သူများဖြစ်သည်။ နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူ ကြမည့်သူများသည် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်။ ပြည်သူများ အကျိုးခံစားနိုင်မည်။ ကျန်းမာရေးအကန့်အသတ်ကြောင့် နှောင့်နှေးခဲ့ရသော ပညာရေး သည် အဖျက်လုပ်ရပ်ကြောင့် ကာလရှည်ရပ်တန့်သွားမည်ဆိုပါက သမိုင်းတရားခံ ဖြစ်မည်က နောက် ပြည်သူများ၏ ပြင်းထန်စွာတုံ့ပြန်ခံရမည်ကအရင် မလွဲမသွေ ကြုံတွေ့မည်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး အပြစ်မရှိ သော ကလေးသူငယ်များ ပညာသင်ကြားရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ မြို့ရွာများအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည်မှာ အပြင်ဗဟိဒ္ဓအသွင်သာဖြစ်သည်။ ပတ်ဝန်းကျင်မှ ပြည်သူများ၏အတွင်း အဇ္ဈတ္တတွင် ထိတ်လန့်တုန်လှုပ် စိုးရိမ်ပူပန်နေကြရသည်။ ထို့ကြောင့် မဖြစ်မီက ကြိုတင်ကာကွယ်နိုင်အောင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ စိတ်အေးချမ်းသာ နိုင်မည်။

သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်ကို အလှဆင်မည့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် မွေးထုတ်ပေးနေသည့် စာသင်ကျောင်းများ အေးချမ်းစွာပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် အသိစိတ်ဓာတ်ဖြင့် အားလုံး ပူးပေါင်းပါဝင်လက်တွဲကာ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။