Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဘူတာများနှင့် ကုန်းတွင်းဆိပ် ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မေ ၂၉ ရက်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁) ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဘူတာများနှင့် ကုန်းတွင်း ဆိပ် (Dry Port) တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်ဘူတာကို ရှေးမူမပျက် အဆင့်မြှင့် ပြုပြင်ထိန်းသိမ်းတည်ဆောက်နေမှုများကို ကြည့်ရှု့စစ်ဆေးပြီး  ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း(CP-102)စီမံကိန်း(ပြွန်တန်ဆာ) ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (မြို့ပြ)က လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည် များကို မှာကြားသည်။ ထို့နောက် ပဲခူး- ညောင်လေးပင်လမ်းပိုင်း (CP-102) စီမံကိန်းဆောင်ရွက် နေသည့် ကုမ္ပဏီများ က လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာဘူတာ တည်ဆောက်ရေးလုပ်ငန်းများ ကို ကြည့်ရှု့စစ်ဆေးပြီး ပြွန်တန်ဆာဘူတာမှ ဒိုက်ဦးဘူတာအထိ RBE ရထားဖြင့်သံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှု့စစ်ဆေးကာ  ဒိုက်ဦးဘူတာတွင် ရထားစီးရန်စောင့်ဆိုင်းနေ သည့် ခရီးသည်များနှင့်တွေ့ဆုံ၍ ရထားခရီးစဉ်များအဆင်ပြေမှုရှိ၊မရှိ အခြေအနေကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းပြီး ခရီးသည်များ လက်မှတ်ဝယ်ယူရာတွင် အဆင်ပြေစွာ ရောင်းချပေးရေး၊ ဘူတာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဘူတာဆိုင်းဘုတ်များသပ်ယပ်စွာ ပြုပြင်ဆောင်ရွက်ပေး ရေး တာဝန်ရှိသူများကို မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာသို့ရောက်ရှိရာ ပဲခူးဘူတာ ရုံပိုင်ချုပ်မှ ပဲခူးဘူတာနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရထားစီးခရီးသည် များ အဆင်ပြေစွာခရီးသွားလာနိုင်ရေး ဆောင်ရွက်ပေးရန်၊ ရထားများသန့်ရှင်း သပ်ယပ်မှုရှိရေး၊ ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိရေး၊ ဘူတာလုံခြုံမှုရှိရေး၊ မီးဘေးအန္တရာယ် ဂရုပြု ဆောင်ရွက်ရေး၊ ဝန်ထမ်းလိုင်းခန်းများ ချို့ယွင်းပျက်စီးနေမှုများကို တာဝန်ရှိသူများက စစ်ဆေး ပြုပြင်ဆောင်ရွက်ပေးရေး၊ ဘူတာအဆင့်မြှင့်ပြုပြင်တည်ဆောက်နေမှုများအပေါ် ရေရှည်တည်တံ့ ခိုင်ခံ့စွာ အသုံးပြုနိုင်ရေး အတွက် တည်ဆောက်နေချိန်တွင် စံချိန်စံညွှန်းကိုက်ညီရေးတာဝန်ရှိသူများ က ကြီးကြပ်စစ်ဆေး ဆောင်ရွက်ပေးရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာမှရွာသာကြီးဘူတာအထိ (၃၃ ဒသမ ၂၅) မိုင်အား RBE ရထားဖြင့် သံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ထုံးကြီး ဘူတာ၌ သံလမ်းဂဟေဆက် လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှု့ စစ်ဆေးသည်။

ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ(မြို့ပြ)က (CP-101) ၏ ရွာသာကြီး-ပဲခူး (အစုန်လမ်းပိုင်း)လုပ်ငန်းဆောင်ရွက်မှု၊ တံတားများတည်ဆောက်ခြင်း လုပ်ငန်း‌ ဆောင်ရွက်ပြီးစီးမှု၊ မြေသားလုပ်ငန်းဆောင်ရွက်မှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို မှာကြားပြီး ရန်ကုန်-ပဲခူးလမ်းပိုင်း(CP-101) စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာသာကြီးရှိ ကုန်းတွင်းဆိပ်(Dry Port)နှင့် ဆက်စပ် လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ လိုအပ် ချက် များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)