Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ၂၃၀ ကေဗွီ ရွှေစာရံပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မ ဓာတ်အားခွဲရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရဲရွာရေအား လျှပ်စစ်ဓာတ်အား ပေးစက်ရုံ၊ ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေစာရံ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေမှူး ဦးသန်းနိုင်ဦးနှင့် စက်ရုံမှူးတို့က လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ မှာကြားပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ် အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲ တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးများက ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားမပြတ်တောက်စေရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဓာတ်အား ဖြတ်တောက်ရသည့်အခါတွင်လည်း အချိန်အနည်းဆုံး ဖြစ်စေရန်နှင့် ပြည်သူသို့ ကြိုတင် အသိပေးဆောင်ရွက်ကြရန် မှာကြားပြီး ဓာတ်အားခွဲရုံများအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)