Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက်ထောက်ပံ့

နေပြည်တော် မေ ၃၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သူရိန်ထွန်း၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက် (၈၅) နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၃၃၃၆၆) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၀၈၂၆)ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် (၁၆၅၀ ဒသမ ၃၂၄ သန်း)ကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ် ကြသည်။

ယင်းနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသူရိန်ထွန်း၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေးတို့က သက်ဆိုင်ရာစေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ် ဦးစိုင်းအောင်ထက်တို့ထံ ထောက်ပံ့ငွေများကို ပေးအပ် ကြသည်။

ထို့နောက် တက်ရောက်လာသူများကိုယ်စား ဂေဟာအုပ်ချုပ်‌ရေးမှူး၊ ဦးထူးထူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွားများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း၌ ပြုလုပ်သည့် မန္တလေးမြို့ပေါ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်ပြီး တက်ရောက်လာသူ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နားမကြားသော ကလေးများ ကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံ မြို့နယ်ရှိ မန္တလေး လူငယ် သင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး) နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတို့သို့ ရောက်ရှိကြပြီး သင်တန်း ကျောင်းများအတွင်း သင်တန်းသားများ နေထိုင်စားသောက်မှု၊ အသက်မွေးဝမ်းကျောင်း ပညာရပ် များဖြစ်သော ဆံသသင်တန်း၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း၊ ပန်းချီသင်တန်း၊ သံဂဟေ သင်တန်း၊ အင်ဂျင် စက်ပြင်သင်တန်း၊ ပန်းရံသင်တန်း၊ ပိုက်ဆက်သင်တန်း၊ လက်သမားသင်တန်း၊ လျှပ်စစ် တပ်ဆင်ပြုပြင်သင်တန်း၊ အပ်ချုပ်သင်တန်းတို့ကို လက်တွေ့ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)