Skip to main content

အလုပ်သမားများ အားကိုးအားထားပြုရာ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၌ မေ ၂၄ ရက်မှ စတင်ကာ အကြီးစားခွဲစိတ်မှုမှအပ ဆေးရုံတက်ရောက်ကုသမှုခံယူနိုင်

ရန်ကုန် မေ ၂၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်ရှိ လူမှုဖူလုံရေး အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ အကြီးစားခွဲစိတ် ကုသမှုမှအပ ကျန်အထွေထွေရောဂါများအတွက် မေ ၂၄ ရက်မှ စတင်ကာ ဆေးရုံတက်ရောက် ကုသခံယူနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ရန်ကုန်အလုပ်သမားဆေးရုံကြီး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)အနေနဲ့ကတော့ လုံးဝရပ်နားသွားတယ်လို့ မရှိခဲ့ပါဘူး။ အခုလည်းပဲ ဆေးရုံတက်ရောက် ကုသခွင့်ကို မေ ၂၄ ရက်မှာ ပြန်လည်စတင်နိုင်ခဲ့ပါပြီ။ ပြင်ပ လူနာဌာနမှာလည်း အပတ်စဉ် သတ်မှတ်ထားတဲ့ ရောဂါဝေဒနာ ရှင်တွေကို လက်ခံကြည့်ပေးပါ တယ်။ အထူးကုဆရာဝန်ကြီးတွေ၊ လက်ထောက်ဆရာဝန်တွေနဲ့ ပုံမှန်ဝန်ဆောင်မှုပေးနေပါ တယ်။ ခွဲစိတ်ဆောင်ကတော့ ပြင်ပလူနာပဲ လက်ခံနိုင်ပါသေးတယ်။ အကြီးစား ခွဲစိတ်မှုတွေနဲ့ သားဖွားမီးယပ်တော့ ဆေးရုံ တက်ရောက် ကုသမှုခံယူလို့ မရသေးပါဘူး။ နောက်ပိုင်း ဌာနပေါင်းစုံ ဝန်ဆောင်မှုပေးနိုင်အောင်လည်း ရုံးချုပ်က စီစဉ်နေပါ တယ်။ အခုလည်း လိုအပ်တဲ့ ဆရာဝန်တွေကို ရုံးချုပ်က စီစဉ်ပေးလို့ အခုလို အတွင်းလူနာတွေ ကို ပြန်လည်လက်ခံ ကုသပေး နိုင်ခဲ့တာပါ။ ဒီအလုပ်သမား ဆေးရုံကြီး အနေနဲ့ကတော့ ပုံမှန် လည်ပတ်နေပြီး အလုပ်သမား တွေကို တတ်နိုင်သလောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ကြိုးစား နေပါတယ်” ဟု အလုပ်သမားဆေးရုံကြီး (ရန်ကုန်)မှ ခေတ္တ ဆေးရုံအုပ်ကြီး ဒေါ်ယုယုတင်က ပြောသည်။

အလုပ်သမား ဆေးရုံကြီး (ရန်ကုန်)တွင် အတွင်းလူနာအဖြစ် ဆေးရုံ တက်ရောက်ကုသခွင့်ကို ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ ယာယီပိတ်ထားခဲ့ပြီး ယခုမေ ၂၄ ရက်မှ စတင်ကာ ပြန်လည် လက်ခံကုသပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပြန်လည်လက်ခံရာတွင် အကြီးစား ခွဲစိတ်မှုနှင့် သားဖွားမီးယပ် ဌာနများမှအပ ကျန်အထွေထွေရောဂါ များကို ကြည့်ရှု စမ်းသပ်ပေးလျက်ရှိပြီး ဆေးကုသဆောင်ကိုလည်း တစ်ရက်မှ ရပ်နားထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေး လျက်ရှိသည်။ နာတာရှည် ကျောက်ကပ် ဆေးလူနာ၊ ပြည်သူ့ဆေးရုံကြီးများတွင် အထူးကုဆရာဝန်ကြီးများနှင့် ကုသနေသော လူနာများကိုလည်း ဆေးအဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် ယခင် ဖေဖော်ဝါရီလ မတိုင်ခင်က အထူးကု ဆရာဝန်ကြီး များ အပါအဝင် လက်ထောက်ဆရာဝန်များဖြင့် နေ့စဉ် အတတ်နိုင်ဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိသော်လည်း ယခုအခါ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးနှင့် လက်ထောက် ဆရာဝန်များအပါအဝင် ၅၄ ရာခိုင်နှုန်းနှင့် အမှုထမ်း ၆ဝ ရာခိုင်နှုန်းတို့က နေ့စဉ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ယခုအခါ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ပြင်ပလူနာဌာနတွင် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာနေ့များတွင် မျက်စိနှင့် အထွေထွေရောဂါများကို လည်းကောင်း၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် အင်္ဂါနေ့များတွင် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများကို လည်းကောင်း၊ ဗုဒ္ဓဟူးနှင့်အင်္ဂါနှင့် ကြာသပတေးနေ့များတွင် အရိုးနှင့်အကြောရောဂါများကို စမ်းသပ်ကုသပေး လျက်ရှိသည်။ ဆေးပေးရာတွင်လည်း ရုံးဖွင့်ရက်များ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထုတ်ပေးလျက် ရှိသည်။ ယင်းသို့ အလုပ်သမား ဝေဒနာရှင် များအား ဆေးထောက်ပံ့ပေးရာတွင် ရန်ကုန်မြို့တွင်း နေထိုင်သူများကို တစ်လတစ်ကြိမ်နှင့် ခရီးအကွာအဝေးပေါ် မူတည်ကာ နှစ်လတစ်ကြိမ်နှင့် သုံးလတစ်ကြိမ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သည် ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော အလုပ်သမားဆေးရုံကြီးဖြစ်ကာ အလုပ်သမားဆေးရုံ (မန္တလေး)နှင့် အလုပ် သမားဆေးရုံ(ထန်းတပင်)တို့ထက် အစောကျသော ဆေးရုံကြီး ဖြစ်သည်။ ယခုအခါတွင် ခုတင် (၂၅၀)ဆံ့ ဆေးရုံကြီးအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံတစ်ဝန်း စက်ရုံ၊ အလုပ်ရုံများနှင့် အစိုးရဝန်ထမ်းများ၏ ကျန်းမာရေးပိုင်းဆိုင်ရာ မှီခိုအားထား ပြုနေရသော ဆေးရုံကြီးတစ်ရုံပင် ဖြစ်သည်။

မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ- မင်းထက်