Skip to main content

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းသာမဏေ သီလရှင်များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဋိပထမပြန်စာမေးပွဲများ ကျင်းပမည်

နေပြည်တော် မေ ၂၉

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းသာမဏေ သီလရှင် များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲများကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်။

 “ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအနေနဲ့ ဓမ္မာစရိယ စာဖြေဌာန လေးဌာနနဲ့ ပါဠိ ပထမပြန် စာဖြေဌာန ၁၆ ခုကို ဇွန် ၁ ရက် ကနေ ၁၃ ရက်အထိ တစ်ပြိုင်တည်းတစ်ချိန်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေအတွက် မေးခွန်းတွေကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ၊ ပုစ္ဆကဆောင်က ဆောင်ရွက် တာဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ကျွန်တော်တို့က ထုတ်ယူပြီး မေ ၃၀ ရက်မှာ အပြီးဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ဓမ္မာစရိယဆိုမယ့် ရဟန်းသာမဏေသီလရှင် ၆၀၃ ပါးနဲ့ ပါဠိ ပထမပြန် ဖြေဆိုမယ့် ရဟန်းသာမဏေသီလရှင် ၁၆၅၉ ပါး ရှိပါတယ်” ဟု မကွေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ဓမ္မာစရိယစာဖြေဌာန လေးခုအဖြစ် မကွေးမြို့၊ ပခုက္ကူမြို့၊ ရေနံချောင်းမြို့နှင့် တောင်တွင်း ကြီးမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပါဠိပထမပြန်စာ ဌာန ၁၆ ခုအဖြစ် မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ သရက်၊ အောင်လံ၊ ကံမ၊ မင်းလှ(အထက်)၊ ပခုက္ကူ၊ ရေစကြိုနှင့် ဂန့်ဂေါ မြို့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ “ မကွေးတိုင်းဒေသကြီးအတွင်းရှိရဟန်းသာမဏေ သီလရှင်များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်မတ်လနှင့် ဧပြီလများတွင် ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ပြောင်းလဲကျင်းပခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်။

“ဒီစာမေးပွဲတွေကို နှစ်စဉ် မတ်၊ ဧပြီလတွေမှာ ကျင်းပခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် ပြောင်းလဲကျင်းပတာဖြစ်ပါတယ်။ မနှစ်ကတော့ ဇူလိုင်လမှာ ကျင်းပခဲ့ပါတယ်။ မနှစ်က ပါဠိပထမပြန်အောင်မြင်တဲ့ ရဟန်းသာမဏေသီလရှင် ၁၂၇၈ ပါး ရှိပြီးတော့ ဓမ္မာစရိယအနေနဲ့ ကျမ်းရင်းသုံးကျမ်းအောင်မြင်သူ ၅၆ ပါး၊ နှစ်ကျမ်းအောင်မြင်သူ ၇၂ ပါး၊ ( တစ်ကျမ်းအောင်မြင်သူ ၆၂ ပါးနဲ့ မြန်မာဂုဏ်ထူး အောင်မြင်သူ တစ်ပါး စုစုပေါင်း ၁၉၁ ပါးရှိပါတယ်"

“အခုနှစ် စာမေးပွဲတွေ ကျင်းပရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေကျင်းပရာမှာဖြေဆိုမယ့်ရဟန်းသာမဏေ သီလရှင် တွေကို အအေးဆက်ကပ်တာ၊ သောက်သုံးရေ ဆက်ကပ်တာနဲ့ ဆွမ်းစရိတ်တွေကို နေ့စဉ်အလှူရှင်တွေက လှူဒါန်းသွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောသည်။

မကွေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးအနေဖြင့် ရဟန်းသာမဏေ သီလရှင်များအတွက် နိကာယ် (၅) ရပ် စာမေးပွဲ ကို နှစ်စဉ် ဇွန်လတွင် ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် နိကာယ် (၅) ရပ် စာမေးပွဲကိုလည်း ဇွန်လတွင် ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ နှစ်စဉ် ဒီဇင်ဘာလတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို စာဖြေဌာန ၁၃ ခု တွင်လည်းကောင်း၊ နှစ်စဉ် မေလ တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကို စာဖြေဌာန ၂၅ ခုတွင် လည်းကောင်း ကျင်းပလျက်ရှိကြောင်း သိရှိရသည်။ မကွေးတိုင်း ဒေသကြီး သာသနာရေးမှူးရုံး အနေဖြင့် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြီးခဲ့သည့် တပေါင်း လပြည့်နေ့က မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီ တန်ဆောင်း၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃၈ ပါး၊ သီလရှင် လေးပါး၊ လူပုဂ္ဂိုလ်တစ်ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

 

ကေတာ