Skip to main content

မင်းဘု(စကု)မြို့နယ်ရှိ ရွှေစက်တော်ဒေသတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်သွားမည်

နေပြည်တော် မေ ၂၉

မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဒေသတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism Site) တစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အကြံပြုချက်တို့ဖြင့် မင်းဘူးမြို့မှ ရွှေစက်တော်ဘက်သို့အသွား သုံးမိုင် လမ်းခွဲ၊ လှေတင်တံတားအကျော် ညာဘက်ခြမ်းရှိ အဆိုပါ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ပြည်ပခရီးသွားများ တစ်နှစ်ပတ် လုံး အဆင့်အတန်းမီစွာ တည်းခို နေထိုင်နိုင်ရန်အတွက် ဟိုတယ်၊ မိုတယ်နှင့် Resorts များ ပါဝင် မည် ဖြစ်သည်။

ထို့အပြင် မကွေး တိုင်းဒေသကြီး၏ အထင်ကရ နေရာများ၊ ထင်ရှားကျော်ကြား သည့် လူပုဂ္ဂိုလ်များ၏အကြောင်း များကိုလည်း ပြခန်းများဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရ သည်။ ခရီးစဉ်ဒေသနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က “ဒီပြခန်းတွေကို လေ့လာလိုက်တာနဲ့ မကွေးတိုင်းဒေသကြီးရဲ့ ခရီးသွားလာရမယ့် နေရာတွေ၊ အကွာအဝေးတွေ၊ ဒေသထွက်ကုန် တွေကို တစ်နေရာတည်းနဲ့ ခြုံငုံသိရှိသွားမှာ ဖြစ်ပါတယ်။ အထက်စက်တော်ရာ ကနေ နှစ်မိုင်ခွဲအကွာမှာ မန်းချောင်း ဆင်စခန်းလည်း ရှိနေပြီ ဖြစ်ပါတယ်။

သဘာဝဘေးမဲ့တော ဥယျာဉ်မှာ ရွှေသမင်တွေ၊ ကြယ်လိပ်တွေကိုလည်း ဝင်ရောက် လေ့လာနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင် မည့်နေရာသည် ရွှေစက်တော် အထက် စက်တော်ရာ မှ ပေ ၄၀၀၀ ခန့်သာ ကွာဝေးမည်ဖြစ်ပြီး အပန်းဖြေ နိုင်ရန် View Point များ၊ ပန်းခြံ၊ ကစားကွင်း၊ အားကစားခန်းမများ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝ သစ်တောအတွင်း Trekkingလမ်းလျှောက် ခြင်းနှင့် စက်ဘီးစီးနိုင်သည့် လမ်းကြောင်းများပါ ထည့်သွင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီလိုဖော်ဆောင်ခြင်းအားဖြင့် ရွှေစက်တော် ဒေသဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံတွေ အလုပ် အကိုင်အခွင့်အလမ်းတွေ ရရှိလာမယ်။

ဒေသထွက်ကုန်တွေကိုလည်း ရောင်းချနိုင်မှာဖြစ်တဲ့ အတွက်ကြောင့် ဝင်ငွေတိုးတက်ရရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအတတ်ပညာ၊ ဘာသာစကားတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ကျေးလက်တောရွာမကျန် ဝင်ငွေတိုးတက်စေဖို့ ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံက ပြောသည်။ ရွှေစက်တော်ဒေသတွင် သဘာဝအခြေခံခရီးသွား လုပ်ငန်း (Eco-tourism Site)တစ်ခု ဖော်ဆောင်နိုင်ခြင်းဖြင့် မိုင် ၂၀ ခန့်သာ ကွာဝေးသော အော်ဂဲနစ် သီးပင်စားပင်များနှင့် အေးမြသည့်တောင်ပေါ်ရာသီ ဥတုရှိသည့်နာမည်ကျော် နတ်ရေကန်တောင်ဒေသသို့ တစ်ရက်ခရီးအဖြစ် သွားလာလည်ပတ်နိုင်တော့ မည်ဖြစ်သည်။

ကေတာ