ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ၂၆ ရက်နေ့ ည ၈ နာရီမှ မေလ ၂၇ ရက်နေ့ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနှာ စုစုပေါင်း ၁၇၈၈ ခုအား စစ်ဆေးပြီးစီးမှုအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိခဲ့ရသည်။ မေလ ၂၇ ရက်နေ့ ည ၈ နာရီမှ ၂၈ ရက်နေ့ ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာ ၁၂၃၀ ကို စစ်ဆေးမှုအရ ရောဂါကူးစက်ခံရသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်ကုန် ၂၀၂၁ ခုနှစ် နှစ်ဦးအထိ ကိုဗစ်၁၉ ရောဂါ ဒုတိယလှိုင်းကို ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရပြီး မေလ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၄၈၆ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရသည့် ပြန်လည်ကျန်းမာလာသူ ၁၃၂၂၇၉ ဦးရှိသည်။ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလအတွင်း အဆိုပါကပ်ရောဂါကြောင့် လူနာသုံးထောင်ကျော် ဖိတ်စင်ခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ဦးမှစတင်၍ ကမ္ဘာပေါ်၌လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများ၌လည်းကောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်ခဲ့ သော်လည်း မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု တစ်နေ့လျှင် နဂဏန်း၊ ဆယ်ဂဏန်း မျှဖြင့် တန့်နေခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ မေလ၂၇ ရက်၊ ၂၈ ရက်နေ့မှစတင်၍ ဓာတ်ခွဲစစ်ဆေးမှု နမူနာများမှ တွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ရာဂဏန်းနီးပါးကို နှစ်ရက်ဆက်တိုက်တွေ့ ရှိလာရသည်။ ထိုသို့ တွေ့ရှိလာရခြင်းမှာ မေလ ၂၇ ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့ တို့တွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက်တွေ့ရှိမှုများအပါအဝင် အခြားနိုင်ငံအတွင်း ရောဂါတွေ့ရှိမှုများကြောင့် ပိုးတွေ့ လူနာများပြားလာခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုများကို ထိရောက်စွာတားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွား မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် တွန်းဇံမြို့နယ်နှင့် တမူးမြို့နယ်တို့ကို မေလ ၂၈ ရက်နေ့က နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်။ ယခုအခါ ချင်းပြည်နယ် ကျီခါးမြို့ သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်း ကုသရေးအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိပြီး အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲနမူနာစစ်ဆေးခြင်း စသည့်ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ အလားတူ ရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသော အခြားဒေသများ တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ပေးလျက် ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုများ ဆက်တိုက်ရှိနေသဖြင့် ရောဂါဆက်လက်မပြန့်ပွားစေရေးအတွက် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇအသစ် တွေ့ရှိထားမှုနှင့်အတူ ရောဂါကူးစက်မှု မြင့်မားနေခြင်းကြောင့် မောင်တော၊ တမူး၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း စသည့်နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို ထိရောက်စွာတားဆီးနိုင်ရေး၊ ကုန်စည်စီးဆင်းမှု မထိခိုက်စေရေးနှင့် လုံခြုံရေး ကိစ္စများကိုပါ သက်ဆိုင်ရာတာဝန်ရှိ သူများပူးပေါင်းလျက် ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ရောဂါကူးစက်မှုများ တွင် မျိုးရိုးဗီဇအသစ်ကြောင့် ဖြစ်ပွားခြင်း ရှိ/ မရှိ သိရှိနိုင်ရန်အတွက် ကိုဗစ်မျိုးရိုး ဗီဇကို အမြန်ဆုံးစစ်ဆေးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံအချို့ တွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားလာသောအခါ ကျန်းမာရေးဝန်ထမ်းများ အားနည်းနေသည့်ကြားမှ နိုင်ငံအပေါ် တာဝန်သိသော ကျန်းမာရေးဝန်ထမ်းများက ရှိသည့် အင်အားများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေပြီး အိမ်နီးချင်းနိုင်ငံ အချို့တွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံသို့ ကူးစက် လာခြင်းမရှိစေရန်အတွက် ရောဂါကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာပြီး အထူးသတိထားကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။