Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး) ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၆၃/၄)အနီးရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ရှေးဦးစွာ စီမံကိန်းတာဝန်ရှိသူများက ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်း ချုပ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာ−တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုသော စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရေနံစိမ်းပိုက် လိုင်းမှ ရေနံစိမ်းများ တရုတ်နိုင်ငံသို့ သယ်ယူတင်ပို့ ပေးနေသလို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တရုတ်နိုင်ငံနှင့် ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ ဖြန့်ဖြုးပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းအသုံးပြုရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းအတွက် ပံ့ပိုးပေး နေပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး သတ်မှတ် Standard Operation Procedure(SOP)နှင့်အညီ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပိုက်လိုင်းတစ်လျှောက် ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များကို လေးစားလိုက် နာရန်လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်၌ မြန်မာဝန်ထမ်းများ ပိုမိုခန့်ထားရေး အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပိုက်လိုင်းပတ်ဝန်းကျင်နေ ဒေသခံပြည်သူလူထုကို ပိုက်လိုင်း နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဟောပြော ရန်နှင့် သတိပေးချက်များ ထင်သာမြင်သာရှိသောနေရာများတွင် ချိတ်ဆွဲပြသထားရန် လိုအပ် ကြောင်း၊ ပိုက်လိုင်းတစ်လျှောက်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရန်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် မှာကြားပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ပို့လွှတ်နေသော Control Centre အတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)