Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် မေ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများသည် မိမိတို့အားလုံး၏ လက်တစ်ကမ်းတွင် ရှိနေပြီးဖြစ်ကြောင်း၊ အဆိုပါ အခွင့်အလမ်းများကို ပြည်သူများမြင်သာအောင် ဘက်ပေါင်းစုံမှ ဖော်ထုတ်ပြသပေးရန်နှင့် လိုအပ်သော နည်းပညာနှင့် အကူအညီများပေးနိုင်ရေးကို တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပို့ချပေးခြင်းအပြင် မြန်မာ့ရိုးရာလက်မှု လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရိုးရာ ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာ ဒီပလိုမာအဆင့်အထိ သင်ကြားလေ့ကျင့်မွေးထုတ် ပေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် များကို ပံ့ပိုးကူညီပေးခြင်း၊ အသေးစားလုပ်ငန်း ထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဖွင့်လှစ်ပေးလျက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖြစ်သည့် တွင်ခုံလုပ်ငန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိသကဲ့သို့ ရက်ကန်းသင်တန်းကျောင်းများတွင် သဘာဝဆိုးဆေးအသုံးပြုနည်း အပါအဝင် ပြည်တွင်း ထွက် ဝါချည်များကို ချည်အချောထည် ထုတ်လုပ် နိုင်သည်အထိ သင်ကြားပေးလျက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းများ စနစ်တကျဆောင်ရွက် နိုင်ရန် လုပ်ငန်းလိုင်စင်စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်း အလိုက် အစုအဖွဲ့များစုဖွဲ့၍ ကုန်ထုတ်သမဝါယမ အသင်းများ ထူထောင်လုပ်ကိုင်နိုင်ရေးကို အားပေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် နေရောင်ခြည်စွမ်းအင်သုံး သီးနှံအခြောက်ခံစက်၊ ဝါးနှီးဖြာစက်ကို တီထွင် ထုတ်လုပ်ထားပြီး အဆိုပါစက်ကိရိယာများ ဝယ်ယူအသုံးပြုလိုခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်လိုခြင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အကြံဉာဏ်များ၊ အကူအညီများ ရယူလိုပါက နီးစပ်ရာ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြကြောင်း သိရသည်။

သတင်းစဉ်